Global

အာဆင်ဝင်းဂါးကြောင့် မန်ယူကို ငြင်းပြီး အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တယ်လို့ ထုတ်ပြောလိုက်တဲ့ ဖာဘရီဂတ်စ်

Goal Goal > March 25, 2020

အာဆင်နယ်အသင်းရဲ့အသင်းခေါင်းဆောင်ဟောင်း ဖာဘရီဂတ်စ်ကတော့ သူ့အနေနဲ့ အာဆင်နယ်အသင်းရဲ့လှပညက်ညောတဲ့ ကစားဟန်ကို သဘောကျတဲ့အတွက် မန်ယူအသင်းကို ငြင်းပယ်ပြီး အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ ပြန်ပြောင်းပြောဆိုသွားခဲ့ပါတယ်။ ဘာစီလိုနာရဲ့လာမာစီယာအကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ဖာဘရီဂတ်စ်ဟာ အာဆင်နယ်အသင်းကို ငယ်ငယ်ရွယ်ရွယ်မှာပဲ ရောက်ရှိခဲ့သူဖြစ်ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သလို အသင်းခေါင်းဆောင်လည်းဖြစ်ခဲ့သူပါ။ ဒါ့အပြင် သူဟာ အာဆင်နယ်အသင်းကွင်းလယ်မှာ ပရိသတ်အချစ်တော်ဖြစ်ခဲ့ဖူးပြီး လေးစားလောက်ဖွယ်ခြေစွမ်းတွေကိုလည်း ပြသနိုင်ခဲ့သူဖြစ်ပါတယ်။ အဆိုပါကာလတုန်းက အာဆင်နယ်အသင်းကလည်း ဟင်နရီတို့လို အစုအဖွဲ့တွေနဲ့အကောင်းဆုံးခေတ်တစ်ခေတ်ကို ပိုင်ဆိုင်နေချိန်ဖြစ်ပါတယ်။ ဖာဘရီဂတ်စ်အတွက်တော့ မန်ယူနဲ့ အာဆင်နယ်လို ခေတ်ပြိုင် ၂ သင်းရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့တာဖြစ်ပြီး သူကတော့ အာဆင်နယ်ကို သာရွေးခဲ့ပါတယ်။ ဒီအကြောင်းကိုလည်း သူက ပြန်ပြောင်းပြောဆိုသွားခဲ့ပါတယ်။ဖာဘရီဂတ်စ်က “ မန်ယူအသင်းက ကျွန်တော်နဲ့ ဆွေးနွေးမှုတွေရှိခဲ့ပြီး ကျွန်တော့်ကိုလည်း အလိုရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ အာဆင်နယ်အသင်းကသာ မှန်ကန်တဲ့အသင်းလို့ ခံစားနေမိတာပါ။ ပြီးတော့ အဲ့ဒီကာလတုန်းက သူတို့တွေအသင်းကိုတည်ဆောက်ထားပုံကလည်း ကောင်းသလို အောင်မြင်မှုတွေလည်း ရရှိနေတာပါ။ ပြီးတော့ သူတို့ကစားဟန်ကလည်း ထူးခြားကောင်းမွန်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်က အာဆင်နယ်ကိုပြောင်းဖို့ပဲ စဉ်းစားခဲ့တာပါ။ ပြီးတော့ နည်းပြကြီး အာဆင်းနဲ့လည်း ကျွန်တော် စကားတွေပြောဖြစ်ပါတယ်။ သူက ပဲရစ်မှာ အားလပ်ရက်ခရီးထွက်နေရာကနေ ကျွန်တော့်ဆီရောက်လာခဲ့တာပါ။ ကျွန်တော့်မိဘတွေနဲ့ စကားပြောခဲ့ပြီး သဘောတူညီမှုရခဲ့ပါတယ်။ ကျွန်တော့်အတွက် ပိုက်ဆံက အဓိက မဟုတ်ခဲ့ပါဘူး။ ပြီးတော့ ဒါက အိပ်မက်တွေဖြစ်လာခြင်းပါပဲ။ အာဆင်းဟာ ကျွန်တော့်ကို လေ့ကျင့်ရေးကွင်းမှာလည်း အသေအချာသင်ကြားပေးနိုင်ခဲ့ပါတယ်” လို့ ဖာဘရီဂတ်စ်က ပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်။ဖာဘရီဂတ်စ်ဟာ အာဆင်နယ်အသင်းမှာ အလျင်အမြန်ပဲ အထိုင်ကျခဲ့ပြီး ဗီအဲရာနေရာကို ဆက်ခံနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အာဆင်နယ်အသင်းရဲ့ကျချိန်နဲ့ တိုးခဲ့ပြီး သူဟာလည်း အောင်မြင်သလောက်မအောင်မြင်ခဲ့တာပါ။ ဒါပေမယ့် သူဟာ အာဆင်နယ်အသင်းကို ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ အသင်းခေါင်းဆောင်အဖြစ်ဦးဆောင်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့ပြီး အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။ အခုတော့ သူဟာ မိုနာကိုမှာ ကစားနေခဲ့တာပဲဖြစ်ပါတယ်။