Global

ပရီးမီးယားလိဂ်ရဲ့ နှောင်းပိုင်းကာလအတွင်းက အကောင်းဆုံးတိုက်စစ်အတွဲများ

Goal Goal > May 21, 2020

ပရီးမီးယားလိဂ်လို့ ပြောလိုက်ရင်တော့ ဘောလုံးပရိသတ်များစွာ စိတ်ဝင်စားတဲ့လိဂ်တစ်ခုအဖြစ် အားကစားနယ်ပယ်မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဘောလုံးလောကရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလိဂ်တစ်ခု ဖြစ်တာနဲ့အညီ ပရီးမီးယားလိဂ်မှာ ထိပ်သီးကစားသမားများစွာကလည်း လာရောက်ကစားခဲ့ပါတယ်။ အခုဖော်ပြပေးသွားမှာကတော့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်က အကောင်းဆုံးတိုက်စစ်အတွဲအဖက်တွေ ဖြစ်ပါတယ်။

၁။ အန်ဒီကိုးလ်နဲ့ ဒွိုက်ယောခ်
မန်ယူအသင်း သမိုင်းတစ်လျှောက်မှာလည်း ဒီအတွဲဟာ အကောင်းဆုံးတိုက်စစ်အတွဲတွေထဲက တစ်ခုလို့ဆိုရမှာပါ။ အင်ဒီကိုလ်းနဲ့ ဒွိုက်ယောခ့်တို့ဟာ သူတို့ခေတ်မှာ အကောင်းဆုံးအတွဲညီခဲ့ကြပြီး အသင်းအတွက် လိုအပ်တဲ့သွင်းဂိုးတွေကို ဒိုင်ခံသွင်းပေးခဲ့သူတွေ ဖြစ်ပါတယ်။ မန်ယူအသင်းနဲ့အတူ အောင်မြင်မှုများစွာရရှိခဲ့တဲ့ ဒီအတွဲဟာ နောက်ခံလူတွေအတွက် ကြောက်စရာအကောင်းဆုံးအတွဲတွေထဲက တစ်တွဲဖြစ်ခဲ့ပါတယ်။

၂။ ဟင်နရီနဲ့ ဘားကမ့်
ဒီအတွဲအစပ်ကလည်း အရည်အသွေးမြောက်လွန်းတဲ့ အတွဲအစပ်ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ အောင်မြင်မှုတွေရရှိရာမှာလည်း သူတို့အတွဲအစပ်က အရေးပါခဲ့ပါတယ်။ လှပညက်ညောမှု ၊ နားလည်မှုရှိမှုတွေနဲ့အတူ ဒီအတွဲဟာလည်း ပရီးမီးယားလိဂ်ရဲ့မမေ့နိုင်တဲ့ အတွဲအစပ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

၃။ ဗာဒီ နဲ့ မာရက်ဇ်
လက်စတာတို့ ဖလားရရှိတဲ့နှစ်မှာ ဗာဒီနဲ့ မာရက်ဇ် အတွဲအစပ်ရဲ့အရေးပါမှုကို အားလုံး လက်ခံကြမယ် ထင်ပါတယ်။ ၂ ယောက်စလုံးဟာ အဲ့ဒီနှစ်မှာပဲ ကြယ်ပွင့်တွေအဖြစ် ထင်ရှားတောက်ပခဲ့ကြပါတယ်။ သူတို့အတွဲအစပ်ဟာ လက်စတာအတွက်တော့ မမေ့နိုင်စရာအတွဲအစပ်အဖြစ် ရှိနေမှာဖြစ်ပြီး ဘောလုံးပရိသတ်တွေရဲ့ ရင်ထဲကိုလည်း ရောက်ရှိခဲ့ပါတယ်။

၄။ ရွန်းနီ ၊ တီဗက်ဇ် ၊ ရော်နယ်ဒို
သူတို့ကိုတော့ ၃ ဦးအတွဲအစပ်အဖြစ် သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ရွှေခေတ်က အကောင်းဆုံး ၃ ဦးတိုက်စစ်အတွဲ ဖြစ်ပါတယ်။ ဂိုးပေါင်းများစွာကို အတူတကွ သွင်းယူခဲ့ကြသလို အောင်မြင်မှုများစွာကိုလည်း ရရှိခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်ရဲ့ထင်ရှားသော အတွဲအစပ်လည်း ဖြစ်ပါတယ်။

၅။ ဒရော့ဘာ ၊ အနယ်ကာ ၊ မာလူဒါ
ဒါကလည်း ချဲလ်ဆီးအသင်းရဲ့ခေတ်ဦးအောင်မြင်မှုှမှာ အရေးပါခဲ့သူတွေဖြစ်ပါတယ်။ အထူးသဖြင့် ဒရော့ဘာဟာ အဓိကတိုက်စစ်ဖြစ်ခဲ့ပြီး သူနဲ့အတူ တွဲကစားခဲ့တဲ့ အနယ်ကာနဲ့ မာလူဒါရဲ့ စွမ်းဆောင်ရည်ကလည်း အရေးပါခဲ့ပါတယ်။ ချဲလ်ဆီးအသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့သူတွေ ဖြစ်ပါတယ်။

၆။ ဆာလက် ၊ ဖာမီနို ၊ မာနေး
လက်ရှိ ဘောလုံးကမ္ဘာရဲ့ အကောင်းဆုံးတိုက်စစ်အတွဲတွေထဲက တစ်တွဲဖြစ်ပါတယ်။ လီဗာပူးရဲ့ခေတ်တစ်ခုစတင်ခြင်းလို့ ပြောလို့ရပြီး သူတို့ကြားက နားလည်မှုကလည်း အသင်းကို အကောင်းဆုံးအကျိုးပြုခဲ့ပါတယ်။ ဖာမီနိုဟာ အခရာလို့ ပြောလို့ရပြီး သူ့ချိတ်ဆက်မှုက အားလုံးအတွက် အရေးပါခဲ့ပါတယ်။ ဒီနှစ်မှာ ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ နီးစပ်နေသူတွေလည်း ဖြစ်ပါတယ်။

၇။ အဂူရို ၊ ဆာနေး ၊ စတာလင်
ဒီအတွဲအစပ်ကလည်း တကယ့်ကိုကြောက်စရာကောင်းတဲ့ တိုက်စစ်အတွဲအစပ် ဖြစ်ပါတယ်။ ဂွါဒီယိုလာလက်အောက်မှာ အရမ်းကို ကောင်းမွန်ခဲ့ပြီး ထက်မြက်ပြီး လျင်မြန်တဲ့ တိုက်စစ်အတွဲအစပ် ဖြစ်ပါတယ်။ ငယ်ရွယ်နုပျိုတဲ့ ဒီတိုက်စစ်အတွဲဟာ ပရီးမီးယားလိဂ်က နောက်ခံလူတွေအတွက် အိပ်မက်ဆိုးဖြစ်ခဲ့ပါတယ်

၈။ ဆွာရက်ဇ် ၊ စတာလင် ၊ စတားရစ်ချ်
တစ်ချိန်က လီဗာပူးအသင်းရဲ့ S သုံးလုံး တိုက်စစ်အတွဲ ဖြစ်ပါတယ်။ ဆုဖလားတွေမရရှိခဲ့ပေမယ့် သူတို့လည်း ထင်ပေါ်ခဲ့ပါတယ်။ လီဗာပူးအတွက် ဖလားရလုနီးပါးဖြစ်ခဲ့တဲ့ တိုက်စစ်အတွဲလည်း ဖြစ်ခဲ့ပါတယ်။

၉။ အလီ ၊ ဆွန်ဟောင်မင်း ၊ ဟယ်ရီကိန်း
စပါးအသင်းရဲ့ အကောင်းဆုံးတိုက်စစ်အတွဲလို့ ဆိုရမှာပါ။ ၃ ဦးစလုံးဟာ မတူညီတဲ့ခြေစွမ်းတွေနဲ့ အကောင်းဆုံး တွဲဖက်ကစားနေကြသူတွေ ဖြစ်ပါတယ်။ ဆုဖလားအောင်မြင်မှုမရှိသေးပေမယ့် သူတို့အတွဲအစပ်ရဲ့ထက်မြက်မှုကိုတော့ မေ့လျော့ထားဖို့ရာ မဖြစ်နိုင်ပါဘူး။