Global

ပိုက်ဆံအကြွေးတွေ တင်လာလို့ လူခေါ်ဖို့ ချိန်ဆရဦးမယ့်မန်ယူနဲ့ နောက်ဆုံးရသတင်းတိုများ

Goal Goal > May 22, 2020

မန်ယူအသင်းရဲ့အမှုဆောင်အရာရှိ အက်ဝုဝဒ်ကတော့ မန်ယူအသင်းရဲ့တန်ဖိုးက တိုးတက်လာသလို အခြားတစ်ဖက်မှာလည်း ပြိုင်ပွဲကို ရပ်နားထားမှုကြောင့် အကြွေးစာရင်းကလည်း တိုးပွါးလာတယ်လို့ ဆိုလိုက်ပါတယ်။ ဒါကြောင့် မန်ယူအသင်းဟာ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ကစားသမားတွေကို ငွေပုံပေးပြီး ခေါ်ဖို့ကလည်း ခက်ခဲလာပြီ ဖြစ်ပါတယ်။
ဘရာဇီးကစားသမားဟောင်းကြီး ရီဗယ်ဒိုကတော့ ဒေါ့မွန်အသင်းရဲ့လူငယ်တိုက်စစ်မှူး ဟာလန်းဟာ ဘရာဇီးရော်နယ်ဒိုကြီးနဲ့ တူညီတဲ့အရည်အသွေးမျိုးရှိပြီး သူဟာ လာလီဂါမှာလည်း အောင်မြင်နိုင်မယ့်သူဖြစ်တယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။
ဘယ်ဂျီယမ်နည်းပြ မာတီနက်ဇ်ကတော့ လက်ရှိမှာ ရီးရဲလ်အသင်းမှာ အနည်းငယ်ရုန်းကန်နေရတဲ့ ဟာဇက်ဟာ သူ့ရဲ့အရင်ခြေစွမ်းကို ပြန်ရမှာဖြစ်ပြီး ရီးရဲလ်အသင်းနဲ့အတူ Ballon d’Or ဆုကို ရရှိနိုင်မယ့်သူဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဒါ့အပြင် ဟာဇက်ဟာ ရီးရဲလ်ကို အောင်မြင်မှုတွေ ယူလာပေးမယ့်သူဖြစ်တယ်လို့လည်း ဆိုလိုက်ပါတယ်။
လက်ရှိမှာတော့ လာလီဂါကလပ်အသင်းတွေဟာ ၁၀ ဦးတစ်သင်းစီ လေ့ကျင့်ခွင့် ပြန်လည်ရရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။ သတင်းတွေအရ ပြိုင်ပွဲကို ဇွန်လ ၁၂ ရက်မှာ ပြန်စဖို့အတွက် သတ်မှတ်ထားပြီးပြီဖြစ်တယ်လို့ သိရပါတယ်။
မန်ယူအသင်းရဲ့ကစားသမားဟောင်းကြီး ပေါလ်အင့်စ်ကတော့ အသင်းမှာ ပြဿနာလိုဖြစ်နေတဲ့ ပေါ့ဘာဟာ မန်ယူအသင်းထက် ပိုပြီးအရေးပါတဲ့ ကစားသမားမဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ ဒါ့အပြင် သူက မန်ယူအသင်းအနေနဲ့လည်း ပေါ့ဘာကို လို/မလို စဉ်းစားသင့်ပြီလို့ ဆိုလိုက်ပါတယ်။
အာဆင်နယ်အသင်းရဲ့ နောက်ခံကစားသမားဟောင်း ကလစ်ချီကတော့ သူ့ရဲ့အသင်းဖော်ဟောင်း ကွင်းလယ်ကစားသမား ဒီယာဘီရဲ့ အရည်အသွေးကို ချီးကျူးသွားခဲ့ပြီး တကယ်လို့ ဒဏ်ရာပြဿနာတွေသာ မရှိခဲ့ရင် ဒီယာဘီရဲ့ အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးတောင် ဖြစ်နိုင်ခဲ့တယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။
လက်ရှိမှာ အင်တာမီလန်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ဘာကာအသင်း ကွင်းလယ်ကစားသမား ဗီဒယ်ကတော့ ဘာကာအသင်းမှာပဲ ပျော်ရွှင်နေတယ်လို့ သိရပါတယ်။ အခြားတစ်ဖက်မှာလည်း ဘာကာအသင်းဟာ ဗီဒယ်ကို ဆက်ထိန်းထားချင်တယ်လို့ သိရပါတယ်။
လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကတော့ ဒီနှစ်မှာ ပြိုင်ပွဲပြန်စချိန်မှာလည်း လီဗာပူးအသင်းဟာ အရင်ခြေစွမ်းနဲ့ တောက်ပစွာ ကစားနိုင်ဦးမှာဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ လက်ရှိမှာတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပြန်စချိန်မှာ ၂ ပွဲနိုင်ရုံနဲ့ ဖလားရရှိတော့မှာ ဖြစ်ပါတယ်။