Global

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်အတွဲများအား ခံစားခြင်း

Goal Goal > May 22, 2020

ပြီးခဲ့တဲ့ရက်ကတော့ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး တိုက်စစ်အတွဲများကို ဖော်ပြပေးခဲ့ပါတယ်။ အခုကတော့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်အတွဲတွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

၁။ ဗီအဲရာ နဲ့ ဂီဘာတိုလ်ဆေးဗား
ဒီအတွဲအစပ်ကလည်း ပရီးမီးယားလိဂ်မှာ အာဆင်နယ်ကို အောင်မြင်မှုများစွာ ရရှိစေခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်ကြီး ဗီအဲရာရဲ့တစ်ခေတ်တစ်ခါက ထက်မြက်မာကျောတဲ့ခြေစွမ်းနဲ့ ဂီလ်ဘာတိုဆေးလ်ဗားရဲ့ လိုက်လံဖြည့်ကစားပေးမှုအောက်မှာ အာဆင်နယ်ရဲ့ကွင်းလယ်အတွဲဟာ တကယ့်ကို ရင်ခုန်ဖွယ်အတွဲအစပ်ဖြစ်ခဲ့ကာ အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။

၂။ ယာယာတိုရေး ၊ ဖာနန်ဒင်ဟိုနဲ့ ဒေးဗစ်ဆေးလ်ဗား
တကယ်တော့ ယာယာတိုရေးနဲ့ ဖာနန်ဒင်ဟိုက ကွင်းလယ်အတွဲအဖက် ပိုဆန်ပါတယ်။ ဒါပေမဲ့ ဒေးဗစ်ဆေးလ်ဗားရဲ့ အခန်းကဏ္ဍကလည်း အရေးပါတဲ့အတွက် ၃ ဦး အတွဲအစပ်အဖြစ် သတ်မှတ်ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့အောင်မြင်မှုတွေမှာ အဓိကကျတဲ့ အတွဲအဖက်ဖြစ်ခဲ့ပြီး မတူညီတဲ့ ကိုယ်စီခြေစွမ်းတွေနဲ့အတူ အကောင်းဆုံး တွဲဖက်ကစားခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

၃။ လမ်းပတ် ၊ အက်ဆီယန်နဲ့ မက်ခီလီလီ
ဒီအတွဲအစပ်က နာမည်ကိုပြောရုံနဲ့ မာကျောထက်မြက်မှုကို ခံစားရပါလိ့မ်မယ်။ လမ်းပတ်ဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကွင်းလယ်ကစားသမား ဖြစ်ပါတယ်။ မက်ခီလီလီကတော့ ကွင်းလယ်မှာ ထင်ရှားလွန်းသူပါ။ အက်ဆီယန်ကလည်း တကယ့်ကို မာကျောထက်မြက်သူဖြစ်ပြီး သူတို့အတွဲအစပ်ဟာ ပရီးမီးယားလိဂ် ကွင်းလယ်အတွဲတွေထဲမှာ ထင်ရှားတဲ့အတွဲအစပ် ဖြစ်ခဲ့ပါတယ်။

၄။ ဂျရတ်နဲ့ ဇာဗီအလွန်ဆို
တစ်ချိန်က လီဗာပူးအသင်းရဲ့ အကောင်းဆုံးကွင်းလယ်အတွဲအစပ် ဖြစ်ပါတယ်။ လီဗာပူးအသင်း ပရိသတ်တွေထဲမှာ အလွန်ဆိုကို ဆုံးရှုံးလိုက်ရတာအပေါ် အခုထိ နားမလည်သေးတဲ့ပရိသတ်တွေ ရှိနိုင်ပါတယ်။ စတီဗင်ဂျရတ်ကိုယ်တိုင်က အလွန်ဆိုဟာ သူ့အတွက် နားလည်မှုကြီးမားလွန်းတဲ့ ပါတနာဖြစ်တယ်လို့ ဆိုခဲ့သူပါ။ ပရီးမီးယားလိဂ်ပရိသတ်တွေ မမေ့နိုင်တဲ့အတွဲအစပ် ဖြစ်ခဲ့ပါတယ်။

၅။ ရွိုင်ကိန်း နဲ့ ပေါလ်စခိုး
မန်ယူရဲ့ အကောင်းဆုံးကွင်းလယ်အတွဲတွေထဲကတစ်တွဲပါ။ ရွိုင်ကိန်းရဲ့မာကျောမှု ၊ အသင်းခေါင်းဆောင် ပီသလွန်းမှုအောက်မှာ ပေါလ်စခိုးရဲ့ အမြင်အာရုံကောင်းမွန်မှု ပေါင်းစပ်ပါဝင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ မန်ယူတစ်ခေတ်ကို ဖြစ်စေခဲ့ပါတယ်။ ဆုဖလားပေါင်းများစွာရရှိခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းက အကောင်းဆုံး အတွဲအစပ်တွေထဲကတစ်ခုလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

၆။ ဖာဘရီဂတ်စ်နဲ့ မာတစ်
ချဲလ်ဆီးအသင်းရဲ့နှောင်းပိုင်းအောင်မြင်မှုတွေမှာ အရေးပါခဲ့သူတွေ ဖြစ်ပါတယ်။ ဖာဘရီဂတ်စ်ရဲ့တစ်ကျော့ပြန် အင်္ဂလန်ခရီးစဉ်မှာ အောင်မြင်မှုတွေ ရရှိခဲ့ပါသေးတယ်။ သူတို့အတွဲအစပ်ဟာလည်း ပရီးမီးယားလိဂ်ရဲ့ ကောင်းမွန်တဲ့အတွဲအစပ်လို့ သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။