Global

ဒိုလေးနေရာကို ဘယ်သူနဲ့မှ အစားထိုးလို့မရပါဘူးဆိုတဲ့ ဘာနာဒိုဆေးလ်ဗား

Goal Goal > May 22, 2020

သူ့အနေနဲ့ မန်စီးတီးအတွက်တင်မကဘဲ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်ပါ အကောင်းဆုံးကြိုးစားသွားမှာဖြစ်တယ်လို့ ဘာနာဒိုဆေးလ်ဗားက ပြောကြားခဲ့ပေမယ့် ဒိုလေးနဲ့နှိုင်းယှဉ်မှုတွေကိုတော့ ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။ ရော်နယ်ဒိုနေရာကို သူ့အနေနဲ့အစားဝင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ဘာနာဒိုဆေးလ်ဗားက သုံးသပ်သွားခဲ့ပြီး ရော်နယ်ဒိုဟာ တစ်ခေတ်တစ်ယောက်လို့ပြောရမယ့် ကစားသမားမျိုးဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီနေ့ဘောလုံးကမ္ဘာရဲ့ အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၁၆၄ ပွဲ ပါဝင်ကစားထားရာမှာ ၉၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် လူငယ်ကစားသမားလေးတွေနဲ့အပြိုင် အကောင်းဆုံး ခြေစွမ်းပြနေနိုင်တာကိုက ရော်နယ်ဒိုရဲ့အားသာချက်တစ်ရပ်ပဲဖြစ်ကြောင်း ဘာနာဒိုဆေးလ်ဗားက သုံးသပ်သွားခဲ့ပါတယ်။
“ရော်နယ်ဒိုရဲ့နေရာကို အစားဝင်ဖို့ဆိုတာတော့ ဘယ်သူမှမတတ်နိုင်ပါဘူး၊ ကျွန်တော်လည်း မတတ်နိုင်ပါဘူး။ ကျွန်တော်ဟာ ကိုယ့်ခြေစွမ်းကိုယ် တိုးတက်လာအောင် အမြဲမပြတ် ကြိုးစားအားထုတ်လျက်ရှိနေပါတယ်။ မန်စီးတီးအတွက်တင်မကဘဲ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်ပါ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ဖို့က ကျွန်တော့်ရည်မှန်းချက်ပါပဲ။ ဒါပေမဲ့ ရော်နယ်ဒိုနေရာကိုတော့ ကျွန်တော် အစားထိုးနိုင်မှာ မဟုတ်ပါဘူး။ ရော်နယ်ဒိုဟာ တစ်ခေတ်မှာတစ်ယောက်လို့ ပြောရလောက်အောင် ထူးချွန်သူပါ။ သူနဲ့တစ်သင်းထဲမှာ အတူကစားခွင့်ရတာ၊ တစ်နိုင်ငံထဲသားဖြစ်ခွင့်ရတာကိုပဲ ကျွန်တော် ဝမ်းသာဂုဏ်ယူရပါတယ်” လို့ ဘာနာဒိုဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။