Global

ဟာလန်းက ရော်နယ်ဒိုလိုအဆင့်မျိုး ရောက်လာနိုင်ပါတယ် … (ရီဗယ်လ်ဒို)

Goal Goal > May 22, 2020

လူငယ်ကြယ်ပွင့်တိုက်စစ်မှူးလေး ဟာလန်းဟာ နောင်တစ်ချိန်မှာ ရော်နယ်ဒိုလိုအဆင့်မျိုး ဖြစ်လာနိုင်တယ်လို့ ဘရာဇီးလ်ဂန္တဝင်တစ်ဦးဖြစ်သူ ရီဗယ်လ်ဒိုက သုံးသပ်သွားခဲ့ပါတယ်။ ဟာလန်းဟာ လာလီဂါမှာလည်း အောင်မြင်နိုင်တယ်လို့ ရီဗယ်လ်ဒိုက ပြောကြားခဲ့ပြီး အလောတကြီးအသင်းပြောင်းဖို့တော့ မလိုသေးဘူးလို့လည်း အကြံပေးခဲ့ပါတယ်။
ရက်ဘူးလ်ဆဲဘတ်အသင်းနဲ့ ဒေါ့မွန်အသင်းတို့မှာ အထူးခြေစွမ်းပြကစားခဲ့သူ ဟာလန်းကို ရီးယဲလ်မက်ဒရစ်အပါအဝင် ဥရောပအသင်းကြီးတွေက မျက်စိကျနေခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ လူငယ်တိုက်စစ်မှူးလေးဟာလန်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဒေါ့မွန်ကိုရောက်ရှိလာခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါ ၉ ပွဲမှာ ၁၀ ဂိုး သွင်းယူပေးထားသလို ပြိုင်ပွဲစုံသွင်းဂိုး ၁၃ ဂိုး ရယူခဲ့ပြီးဖြစ်ပါတယ်။

“ဟာလန်းဟာ တကယ်ထူးချွန်တဲ့တိုက်စစ်မှူးတစ်ယောက်ပါ။ အသက် ၁၉ နှစ်အရွယ်ပဲ ရှိသေးတယ်ဆိုပေမယ့် လက်ရှိမှာကိုပဲ သူ့ခြေစွမ်းကိုလိုက်မီတဲ့သူ အတော်နည်းနေပါပြီ။ ဒါပေမဲ့ သူဟာ ဒီထက် အများကြီး တိုးတက်လာနိုင်ပါသေးတယ်။ နောင်တစ်ချိန်မှာ ရော်နယ်ဒိုလိုအဆင့်မျိုး ရောက်လာစရာရှိပါတယ်။ သူ့အနေနဲ့ လာလီဂါမှာလည်း မအောင်မြင်စရာအကြောင်း မရှိပါဘူး။ လက်ရှိကလပ်မှာပဲ အကောင်းဆုံး သင်ယူသင့်ပါတယ်။ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလား ၂ ကြိမ် ရခဲ့ဖူးသည်အထိ အောင်မြင်ခဲ့တာဆိုတော့ ဟာလန်းဟာ ရော်နယ်ဒိုလက်သစ်လားဆိုတာကို အဖြေပေးဖို့ စောနေသေးတာတော့ အမှန်ပါပဲ။ သူ အများကြီး တည်ဆောက်ရပါဦးမယ်” လို့ ရီဗယ်လ်ဒိုက ပြောကြားခဲ့ပါတယ်။
အသင်းပြောင်းခဲ့မယ်ဆိုရင်တော့ ရီးယဲလ်မက်ဒရစ်ဟာ ဟာလန်းနဲ့ အသင့်တော်ဆုံးအသင်းပဲ ဖြစ်တယ်လို့လည်း ရီဗယ်လ်ဒိုက ထောက်ခံချက်ပေးခဲ့ပါတယ်။