la liga

မန်ယူအသင်း ကြိုက်နေတဲ့ တိုက်စစ်မှူးဝီလျံ ဘီလ်ဘာအိုနဲ့ ၉ နှစ် သက်တမ်းတိုးစာချုပ်

Goal Goal > August 12, 2019

မန်ယူအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ ကစားသမားတွေထဲမှာ အသက် ၂၅ နှစ် အရွယ် တိုက်စစ်မှူး အီနာကီဝီလျံလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတွေထဲမှာလည်း ပါဝင်တဲ့ ဝီလျံဟာ အပြောင်းအရွှေ့ဈေးကွက်ဖွင့်တိုင်း မန်ယူအသင်းနဲ့ အမြဲကိုဆိုသလို သတင်းထွက်ခဲ့သူလည်း ဖြစ်ပါတယ်။ ဝီလျံဟာ လာလီဂါကလပ် ဘီလ်ဘာအိုတိုက်စစ်မှာ မရှိမဖြစ် ကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားနေပါတယ်။ ဝီလျံဟာ ၂၀၁၄ ခုနှစ်က ဘီလ်ဘာအိုအသင်းကြီးမှာ စတင်ပါဝင် ကစားခဲ့သူဖြစ်ပါတယ်။  ဝီလျံဟာ ဘီလ်ဘာအို အရံအသင်းမှာ ၂ ရာသီကြာ ကစားခဲ့ရပါသေးတယ်။ ဝီလျံဟာ ၂၀၁၄ ခုနှစ်ကစလို့ ဘီလ်ဘာအိုတိုက်စစ်မှာ တဖြည်းဖြည်း အရေးပါလာပြီး ခြေစွမ်းကောင်း ပြသနိုင်ခဲ့ပါတယ်။

မန်ယူအသင်းကလည်း  ဝီလျံကို ခေါ်ယူနိုင်ဖို့ အမြဲပစ်မှတ်ထားခဲ့တာပါ။ ဝီလျံဟာ ၂၀၁၆-၁၇ ဘောလုံးရာသီက စတင်ကာ ၂၀၁၈-၁၉ ရာသီအထိ ဘီလ်ဘာအိုအသင်းအတွက် နှစ်တိုင်း လာလီဂါ ၃၈ ပွဲစလုံး ကစားခွင့်ရခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဝီလျံဟာ ၂၀၁၆-၁၇ ရာသီက အသင်းအတွက် ၄၉ ပွဲကစားရာမှာ ၈ ဂိုး သွင်းပေးခဲ့ပါတယ်။ ဝီလျံဟာ ၂၀၁၇-၁၈ ဘောလုံးရာသီမှာ ဘီလ်ဘာအိုအသင်းအတွက် ၅၂ ပွဲကစားခဲ့ရာမှာ ၁၀ ဂိုးသွင်းပေးခဲ့ပါတယ်။ သူဟာ ၂၀၁၈-၁၉ ရာသီမှာတော့ လာလီဂါ ၃၈ ပွဲကစားခဲ့ရာမှာ ၁၂ ဂိုး သွင်းကာ ပြိုင်ပွဲစုံ ၄၁ ပွဲမှာ ၁၄ ဂိုးသွင်းပေးခဲ့ပါတယ်။ ဝီလျံဟာ ဘီလ်ဘာအို ကစားသမားဘဝ ၂၀၄ ပွဲ ကစားထားရာမှာ ၄၈ ဂိုးသွင်းထားပါတယ်။ ဘီလ်ဘာအိုအသင်း တာဝန်ရှိသူတွေဟာ အခုဆိုရင် မန်ယူပစ်မှတ် ဝီလျံကို ၉ နှစ် စာချုပ်သက်တမ်း တိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဝီလျံဟာ  စာချုပ်သစ်အရ ဘီလ်ဘာအိုအသင်းမှာ လာမယ့် ၂၀၂၈ ခုနှစ်အထိ ကစားနေမှာ ဖြစ်ပါတယ်။ မန်ယူအသင်းကတော့ သူတို့ရဲ့မျှော်လင့်ချက်ကို အဆုံးသတ်လိုက်ရပါတယ်။ ဝီလျံရဲ့ စာချုပ်လျော်ကြေးဟာ ပေါင် ၁၂၅ သန်း ဖြစ်ပါတယ်။ ဝီလျံက ” အသင်းတာဝန်ရှိသူတွေက ကျွန်တော့်ကို ယုံကြည်ကြောင်း အမြဲပြသပါတယ်။ ကျွန်တော် ဘာလိုလို ဖြည့်ဆည်းပေးတယ်။ ကိုယ့်အိမ်ကိုယ့်ယာလို ခံစားရပါတယ် ” လို့ ပြောပါတယ်။