la liga

ရီးရဲလ်ကိုပြောင်းမယ့်အစား ဗန်ဒီဘိခ် အေဂျက်မှာသာဆက်နေဖို့ ဒီဂျောင် လိုလား

Goal Goal > August 13, 2019

ရီးရဲလ်မက်ဒရစ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားကောင်းတွေကို ခေါ်ယူနေပြီး နောက်ထပ်ကြယ်ပွင့်ကစားသမားတွေကိုလည်း ထပ်ခေါ်ဦးမှာဖြစ်ပါတယ်။ ရီးရဲလ်ပစ်မှတ်ကစားသမားတွေထဲမှာ အေဂျက်အသင်းက နယ်သာလန်ကွင်းလယ်လူ ဗန်ဒီဘိခ်လည်း ပါဝင်နေကြောင်း သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် ဗန်ဒီဘိခ်ဟာ ခြေစွမ်းကောင်းတဲ့ ကွင်းလယ်လူ တစ်ဦးဖြစ်ပြီး အဓိက ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဗန်ဒီဘိခ်ကို ရီးရဲလ်မက်ဒရစ်ကခေါ်ယူဖို့ ကမ်းလှမ်းမှာဖြစ်ကြောင်း စပိန်သတင်းစာ အေအက်စ်က ဖော်ပြနေပါတယ်။ ဗန်ဒီဘိခ်ဟာ ၂၀၁၈-၁၉ ဘောလုံးရာသီက အေဂျက်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြကာ ၁၇ ဂိုးသွင်းပေးခဲ့ပါတယ်။ သူဟာ ဂိုးသွင်းကောင်းတဲ့အပြင် ဂိုးဖန်တီးမှုကောင်းတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ အေဂျက်အသင်းဟာ ဗန်ဒီဘိခ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၅ သန်း လိုချင်နေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်း တာဝန်ရှိသူတွေဟာ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်လည်း ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ ထိပေးဖို့ အစီအစဉ်မရှိပါဘူး။ ဒါပေမယ့် ဗန်ဒီဘိခ်ရဲ့ ရီးရဲလ်အပြောင်းအရွှေ့က ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ ဘာစီလိုနာကို ရောက်သွားတဲ့ နယ်သာလန်ကွင်းလယ်လူ ဒီဂျောင်ဟာ အေဂျက်မှာ ဗန်ဒီဘိခ်နဲ့အတွဲညီခဲ့သူပါ။ဒီဂျောင်ကတော့ သူ့ကစားဖော်ဟောင်း ဗန်ဒီဘိခ် ရီးရဲလ်ကို ပြောင်းလာမှာထက် အေဂျက်မှာ ဆက်ရှိဖို့သာ လိုလားနေပါတယ်။ ဒီဂျောင်ဟာ ဗန်ဒီဘိခ်နဲ့ အယ်ကလာစီကို ပြိုင်ဘက်အသွင်မဆုံချင်ပါဘူး။ ဒီဂျောင်က ´ကျွန်တော်ကတော့ ဗန်ဒီဘိခ်ကို အေဂျက်မှာ ဆက်နေမှာကိုပဲ လိုလားပါတယ်။ ဘာလို့လဲဆိုတော့ သူနဲ့ ကျွန်တော် ပြိုင်ဘက်အဖြစ် မဆုံချင်ပါဘူး။ တကယ်လို့ သူဟာ ရီးရဲလ်ကိုပြောင်းမယ်ဆိုရင်လည်း ကျွန်တော် ဝမ်းသာရမှာပါ။ သူဟာ ရီးရဲလ်အသင်းနဲ့ ထိုက်တန်ပါတယ်။ ဗန်ဒီဘိခ်က ဂရိတ်ပလေယာပါ။ သူ့ကို စပိန်မှာတော့ ကျွန်တော်မြင်ချင်ပါတယ်`လို့ ESPN နဲ့တွေ့ဆုံခဲ့ရာမှာ ပြောကြားခဲ့ပါတယ်။အေဂျက်အသင်းနည်းပြ အီရစ်တန်ဟတ်ကတော့ ဗန်ဒီဘိခ်တစ်ယောက် အေဂျက်အသင်းမှာ ဆက်နေမယ်လို့သာ ယုံကြည်နေပါတယ်။ တန်ဟတ်က ´ဗန်ဒီဘိခ်ဟာ ဒီရာသီ အေဂျက်အသင်းမှာဆက်နေမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ သူ့အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ အားကစားဒါရိုက်တာ အိုဗားမားဆီက ကျွန်တော်တစ်ခုခုကြားရမှာပါ`လို့ ဖွင့်ဟခဲ့ပါတယ်။