la liga

ဟာဇက်လည်းရှိနေတယ် နေမာရောက်လာရင် ရီးရဲလ် ချန်ပီယံလိဂ်ထပ်ရမယ်လို့ ဂျော်ဂျီဟာဂီ ပြော

Goal Goal > August 13, 2019

ရိုမေးနီးယား ဂန္ထဝင်ကစားသမားတွေထဲမှာ ဂျော်ဂျီဟာဂီကတော့ ပရိသတ်နဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ အသက် ၅၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ တိုက်စစ်အားသန်ကွင်းလယ်ကစားဟောင်း ဟာဂီဟာ သူ့ခေတ်သူ့အခါက နာမည်တစ်လုံးတည်ဆောက်နိုင်ခဲ့ပြီး သူ့ကို ကာပါတီယန်ရဲ့ မာရာဒိုနာလို့တောင် တင်စားကြပါတယ်။ ဟာဂီဟာ မကြာခင်က စူပါဒီပို့တီဗိုနဲ့ အင်တာဗျူးခဲ့ရာမှာ နေမာအကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဘရာဇီးတိုက်စစ်မှူး နေမာဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖို့အခြေအနေများနေပါတယ်။ နေမာဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။ နေမာဟာ နီမက်စ်ကို အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူး အဖွင့်ပွဲမှာ ပါဝင်ခြင်းမရှိပါဘူး။ ပီအက်စ်ဂျီဖန်တွေဟာ နီမက်စ်ပွဲမှာတော့ နေမာကို ထွက်သွားလို့ အော်ဟစ်ခဲ့ကြပြီး ဆန္ဒပြခဲ့ကြပါတယ်။ နေမာသာ အသင်းပြောင်းသွားရင် သူ့နေရာ ကစားသမားအစားထိုးဖို့ အလွန်ခက်ခဲမှာဖြစ်ကြောင်း ပီအက်စ်ဂျီနည်းပြတူချယ်က ပြောကြားထားပါတယ်။ နေမာဟာ သူ့အသင်းဟောင်း ဘာစီလိုနာကို ပြန်ရောက်မယ်လို့ သတင်းထွက်နေပါတယ်။ ရီးရဲလ်မက်ဒရစ်ကလည်း နေမာကို ခေါ်ယူဖို့ အထူးစိတ်ဝင်စားနေပါတယ်။ဟာဂီဟာ ကစားသမားဘဝက ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းမှာ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပါတယ်။ တကယ်လို့ နေမာသာ အသင်းဟောင်းဘာစီလိုနာကို မရောက်ဘဲ ရီးရဲလ်မက်ဒရစ်ကိုရောက်ခဲ့ရင် ဟာဇက်ရှိပြီးသားမို့ ဟာဇက် နေမာအတွဲနဲ့ ရီးရဲလ် ချန်ပီယံလိဂ်ဖလား ထပ်ရမယ်လို့ ဟာဂီက ယုံကြည်နေပါတယ်။ ဟာဂီက ´ရီးရဲလ်မက်ဒရစ်ဟာ ဟာဇက်ကို ခေါ်ပြီးသားပါ။ တကယ်လို့ ရီးရဲလ်ဟာ နေမာကို ထပ်ရလိုက်မယ်ဆိုရင် သူတို့ ချန်ပီယံလိဂ်ဖလား ထပ်ရနိုင်မှာပါ။ သူတို့ အလွယ်တကူကိုရမှာပါ။ ဒါကို သံသယထားစရာ မလိုပါဘူး`လို့ သူ့အမြင်အတိုင်း ပြောကြားခဲ့ပါတယ်။လက်ရှိအချိန်မှာ နေမာရဲ့ ဘောလုံးစွမ်းဆောင်ရည် အချက်အလက်က သိပ်မဟုတ်ပေမယ့် ဘရာဇီးသားဟာ ထိပ်တန်းကစားသမားတစ်ဦးဖြစ်ပါကြောင်း ဟာဂီက ပြောကြားခဲ့ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်ဒိုနဲ့ မက်ဆီနှစ်ယောက်အနက် မည်သူ့ကို နည်းပြချင်သလဲဆိုတာကိုလည်း ဟာဂီက ဖြေကြားခဲ့ပါတယ်။ စီရိုနယ်ဒိုကို နည်းပြရမှာကို ပိုသဘောကျကြောင်း ဟာဂီက ပြောကြားခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာဟာ နေမာကို တရားဝင်ကမ်းလှမ်းမှု မပြုလုပ်ရသေးပါဘူး။ ပီအက်စ်ဂျီအသင်းဟာ နေမာကိုရောင်းချဖို့အတွက် စိတ်ပါလာဖို့ရှိကြောင်းလည်း ပြင်သစ်မီဒီယာတွေက ရေးသားခဲ့ပါတယ်။