la liga

ရီးရဲလ်မက်ဒရစ်ကို ငြင်းပယ်ပြီး ဘာစီလိုနာအသင်းကိုပြန်လာဖို့ နေမာကို နားချနေတဲ့ မက်ဆီ

Goal Goal > August 13, 2019

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက သူနဲ့အတွဲညီခဲ့တဲ့ ဘရာဇီးတိုက်စစ်မှူး နေမာကို အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သတ်လို့ အကြံပေးတိုက်တွန်းခဲ့ကြောင်း စပိန်သတင်းစာမာကာက ရေးသားဖော်ပြခဲ့ကြောင်း သိရပါတယ်။ ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူး နေမာဟာ အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာချင်နေပါတယ်။ ပီအက်စ်ဂျီအသင်း တာဝန်ရှိသူတွေဟာ သူတို့ရဲ့အဓိကတိုက်စစ်မှူး နေမာကို ရောင်းချဖို့ တင်းခံထားပေမယ့်လည်း ရောင်းချဖို့အတွက် စဉ်းစားလာပြီဖြစ်ကြောင်း ပြင်သစ်သတင်းတွေက အခိုင်အမာဖော်ပြနေတယ်။ ဘာစီလိုနာအသင်း တာဝန်ရှိသူတွေဟာ နေမာကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေနဲ့ ဒီနေ့မှာ ဆွေးနွေးမှာဖြစ်ကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်း တာဝန်ရှိသူတွေဟာ နေမာကိုခေါ်ယူဖို့ ဘရာဇီးသား ကော်တင်ညိုကို အလိုက်ပေးကမ်းလှမ်းမှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်ဟာ နေမာရဲ့ ပရိသတ်တစ်ဦးဖြစ်ပါတယ်။ ပီရက်ဇ်ဟာ အရင်က နေမာကို အရခေါ်ယူဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ရီးရဲလ်မက်ဒရစ်ဟာ နွေဈေးကွက်အတွင်း ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာကိုခေါ်ယူဖို့ အထူးစိတ်ဝင်စားပေမယ့်လည်း မန်ယူအသင်းက ဈေးကိုင်ထားတာကြောင့် အပြောင်းအရွှေ့ဖြစ်ဖို့က ထင်ထားသလို မလွယ်ကူပါဘူး။ ဒါ့ကြောင့် ရီးရဲလ်ဟာ ကြယ်ပွင့်ကစားသမား နေမာဘက်ကို ပြန်လည်မြားဦးလှည့်လာတာပါ။ ရီးရဲလ်မက်ဒရစ်ဟာ နွေဈေးကွက်မှာ ချယ်ဆီးက ဘယ်လ်ဂျီယံကစားသမား ဟာဇက်ကို ခေါ်ယူထားပြီးဖြစ်ပေမယ့် နောက်ထပ်ကမ္ဘာကျော်ကစားသမား ထပ်ခေါ်ဦးမှာပါ။ နေမာဟာ ရီးရဲလ်ကို ရောက်သွားမလား ဘာစီလိုနာကိုပဲ ပြန်ရောက်မလားဆိုတာက စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဒီလိုအချိန်မှာပဲ မက်ဆီက သူနဲ့ပုဂ္ဂိုလ်ရေးအဆင်ပြေတဲ့ နေမာကို ရီးရဲလ်မသွားဘဲ ဘာစီလိုနာပြန်လာဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။နေမာဟာ ဘာစီလိုနာအသင်းမှာ မက်ဆီ ဆွာရက်ဇ်တို့နဲ့ အတွဲညီညီ ခြေစွမ်းပြကစားခဲ့သူပါ။ သူဟာ ဘာစီလိုနာအသင်းမှာ ၄ ရာသီကြာကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလား ဖီဖာကမ္ဘာ့ကလပ်ဖလားနဲ့ လာလီဂါ ချန်ပီယံဆုဖလား ၂ ကြိမ်ပိုင်ဆိုင်ခဲ့ပါတယ်။တောင်အမေရိက ကစားသမားတွေဖြစ်တဲ့ မက်ဆီနဲ့ နေမာဟာ ဆက်ဆံရေး အလွန်ကောင်းမွန်ကြောင်း မာကာက ဆက်လက်ဖော်ပြခဲ့ပါတယ်။ ပီအက်စ်ဂျီ အသင်းနည်းပြတူချယ်ကတော့ နေမာအနာဂတ်နဲ့ပတ်သတ်လို့ နှုတ်ဆိတ်နေပါတယ်။ ပီအက်စ်ဂျီ အသင်းပရိသတ်တွေကတော့ အသင်းပြောင်းချင်တဲ့ နေမာကို အမြင်မကြည်မလင်ဖြစ်နေပါတယ်။