la liga

စာချုပ်မပြည့်မီ တစ်နှစ်စောပြီး ဘာစီလိုနာကနေ ဖရီးထွက်ခွင့် ပိုင်ဆိုင်ထားတဲ့ လီယွန်နယ်မက်ဆီ

Goal Goal > September 7, 2019

ဘာစီလိုနာအသင်းရဲ့ပြယုဂ် ကစားသမားက အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီ ဖြစ်ပါတယ်။ မက်ဆီဟာ သူ့အသက် ၁၃ နှစ်အရွယ် ဘာစီလိုနာကို ရောက်လာခဲ့သူဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်တယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်း ကိုယ်စားပြုကစားရင်း ချန်ပီယံလိဂ်၊ လာလီဂါ၊ စပိန်ဘုရင့်ဖလားအပြင် အခြားသော အောင်မြင်မှုများစွာရခဲ့ပါတယ်။ မက်ဆီဟာ ဘော်လွန်းဒီအော်ဆုကိုလည်း ၅ ကြိမ် ပိုင်ဆိုင်ကာ သူရခဲ့တဲ့ တစ်ဦးချင်း အောင်မြင်မှုတွေက မနည်းမနောပါပဲ။ မက်ဆီဟာ ဘာစီလိုနာရဲ့ အိုင်ကွန်ကစားသမားတစ်ဦးဖြစ်ပြီး သူသာ ကာတာလန်ကလပ်ကနေ ထွက်သွားရင် ဒါက လက်ခံရမှာဖြစ်ပေမယ့် ဘောလုံးကမ္ဘာအတွက် ကြီးမားသောအပြောင်းအလဲပါပဲ။

မကြာသေးခင်က အယ်ပီရက်စ်က မက်ဆီနဲ့ ပတ်သက်လို့ သတင်းတစ်ပုဒ် ရေးခဲ့ပါတယ်။ အဲဒါကတော့ မက်ဆီဟာ ဘာစီလိုနာနဲ့ သဘောတူညီမှုအရ သူ့စာချုပ်မပြည့်မီ တစ်နှစ်စောကာ ဘာစီလိုနာကနေ ဖရီးထွက်ခွင့်ရနေတာပါ။ ဒီသတင်းက ဘာစီလိုနာပရိသတ်တွေအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။ မက်ဆီတစ်ယောက် လာမယ့် ၂၀၁၉-၂၀ ရာသီကုန်ရင် အသင်းကနေ ဖရီးသွားဖို့ ရှိနေတယ်ဆိုတာကို ပရိသတ်တွေက အခုမှသိရတာပါ။ တကယ်တော့ ဘာစီလိုနာ တာဝန်ရှိသူတွေက သိပြီးသားဖြစ်ပါတယ်။ မက်ဆီဟာ အသက် ၃၂ နှစ်ပြည့်ပြီးချိန်ကစလို့ ဘောလုံးရာသီကုန်တိုင်း ထွက်ခွာခွင့်ရထားတာပါ။

ဒါကို ဘာစီိလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမြူကလည်း မငြင်းပါဘူး။ ဘာတိုမြူက ” ဇာဗီးအင်နီယေစတာနဲ့ ပူယိုးလ်တို့တုန်းကလည်း စာချုပ်က ဒီလိုပါပဲ။ မက်ဆီဟာ သူ့အနာဂတ်ကို လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရထားပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ထပ်ပြောချင်တာက မက်ဆီက ဒီမှာ နှစ်များစွာနေဦးမယ်ဆိုတာ သံသယမရှိဘူး ” လို့ ဆိုပါတယ်။ မက်ဆီ စာချုပ်က ၂၀၂၁ အထိ အကျူံးဝင်နေပြီး သဘောတူညီမှုအရ အာဂျင်တီးနားသား စာချုပ်မပြည့်ခင် ထွက်ချင်ရင် ဥရောပမဟုတ်တဲ့ အခြားလိဂ်ကို ရွှေ့ရမှာပါ။