la liga

ပင်နယ်တီကန်တတ်ချင်တယ်လို့ ရင်ဖွင့်လာတဲ့ မက်ဆီ

Goal Goal > January 19, 2020

လီယွန်နယ်မက်ဆီဟာ ယနေ့ဘောလုံးကမ္ဘာရဲ့ Free –kick အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်နိုင်ပါတယ်။ သူဟာပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာ စုစုပေါင်း Free-kick ၄၁ ကြိမ်ကန်သွင်းခဲ့ပြီး ၆ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ Free-kick ဂိုးတွေနဲ့ပတ်သက်တဲ့ လျို့ဝှက်ချက်ကတော့ တစ်ဖက်ဂိုးသမားရဲ့ ရွေ့လျားမှုကို လေ့လာခြင်းဖြစ်ကြောင်း မက်ဆီက ပြောကြားခဲ့ပြီး သူ့အနေနဲ့ ပင်နယ်တီတွေကိုလည်း ဒီလိုပဲကန်သွင်းခဲ့တာဖြစ်ပေမယ့် လွဲချော်မှုများတဲ့အတွက် စိတ်ပျက်ရကြောင်း ပြောကြားခဲ့ပါတယ်။“Free-kick တွေနဲ့ပတ်သက်လာရင် အရင်ဦးဆုံးကျွန်တော့်ကိုယ်ကျွန်တော် သေချာလေ့ကျင့်ခဲ့ပါတယ်။ ကိုယ့်ရဲ့ခြေထောက်အနေအထား၊ ဘောလုံးထိချက်တွေပေါ်မူတည်ပြီး ဘောလုံးလမ်းကြောင်းက ဘယ်လိုသွားတယ်ဆိုတာ ကျွန်တော်လေ့လာခဲ့ပါတယ်။ အဲဒီနောက် ကျွန်တော်နဲ့ အကောင်းဆုံး၊ အသင့်တော်ဆုံးဖြစ်မယ့် ကန်ပုံကန်နည်းကို ရွေးခဲ့ပါတယ်။ နောက်တစ်ဆင့်ကတော့ ပြိုင်ဖက်ဂိုးသမားရဲ့ ဟန်ချက်နဲ့ ရွေ့လျားမှုကို လေ့လာတာပါပဲ။ သူတို့ရဲ့ရွေ့လျားမှုကို အကဲခတ်ပြီး ဆန့်ကျင်ဖက်လမ်းကြောင်းအတိုင်း ဂိုးထဲကန်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။ဒါ့အပြင် Free-kick အကန်ကောင်းတဲ့ကစားသမားတွေကို ကျွန်တော်လေ့လာခဲ့ပါတယ်။ တကယ်တော့ Free-kick တင်မက ပင်နယ်တီတွေကိုလည်း ကျွန်တော် ဒီအတိုင်းပဲကန်သွင်းခဲ့တာပါ။ ဒါပေမယ့် ပင်နယ်တီတွေကတော့ ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။ အဲဒီအတွက်လည်း ကျွန်တော်နည်းနည်းစိတ်အနှောင့်အယှက်ဖြစ်မိပါတယ်။ ဒါပေမယ့် စိတ်တော့မပူမိပါဘူး။ ဒါဟာ ဘောလုံးပါပဲ။ ဘောလုံးမှာက အရာရာပြီးပြည့်စုံနေတယ်ဆိုတာမရှိပါဘူး။ကျွန်တော်တို့ဟာ တတ်နိုင်သလောက် ပိုကောင်းလာအောင် ကြိုးစားနေကြရတာပါ။ ကျွန်တော် ဒီလိုပဲယုံကြည်ထားပါတယ်”လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။ လီယွန်နယ်မက်ဆီဟာ ဒီနှစ်ဘောလုံးရာသီ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံပွဲ ၂၀ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၂၅ ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့ပါတယ်။ ကိုယ်တိုင် ၁၆ ဂိုးသွင်းယူပြီး အသင်းဖော်တွေကိုတော့ ၉ ဂိုးဖန်တီးပေးထားခဲ့တာပါ။