la liga

ကာကာလက်သစ် ရီနီယာကို ပေါင် ၃၅ သန်းဖြင့် ရီးယဲလ်အပြီးသတ်ခေါ်ယူ

Goal Goal > January 21, 2020

ရီးယဲလ်မက်ဒရစ်အသင်းဟာ ဖလာမင်ဂိုရဲ့ ဘရာဇီးလ်ဆယ်ကျော်သက်ကစားသမားလေးရီနီယာကို ယူရို ၃၅ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ကာကာလက်သစ်လို့နာမည်ကြီးနေတဲ့ အသက်၁၈နှစ်အရွယ်ချာတိတ်လေးကို အခြားဥရောပကလပ်အသင်းကြီးတချို့ကလည်း စောင့်ကြည့်နေခဲ့ပေမယ့် ရီးယဲလ်မက်ဒရစ်က အလျင်အမြန်ခေါ်ယူစာချုပ်လိုက်တာလည်းဖြစ်ပါတယ်။ ရီနီယာဟာ ရီးယဲလ်နဲ့အတူ ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ ရီနီယာဟာ လက်ရှိရီးယဲလ်မက်ဒရစ်အသင်းရဲ့ တတိယမြောက် ဘရာဇီးလ်လူငယ်ကစားသမားတစ်ယောက်လည်း ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ရှေ့မှာတော့ ဗီနီးစီးယပ်စ်ဂျူနီယာနဲ့ ရိုဒရီဂိုဂိုးစ်တို့ ရှိနေခဲ့တာပါ။ရီးယဲလ်ဥက္ကဋ္ဌဖလော်ရင်တီနိုပီရက်ဇ်ဟာ တစ်ခေတ်တစ်ခါတုန်းက အကောင်းဆုံးကစားသမားတွေကို စံချိန်တင်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူခဲ့ပေမယ့်လည်း နောက်ပိုင်းနှစ်တွေမှာတော့ ကစားသမားခေါ်ယူမှုအပိုင်းမှာ သူ့ရဲ့ဗျူဟာက ပြောင်းလဲလာခဲ့ပြီး လူငယ်ရွက်ပုန်းသီးကစားသမားလေးတွေကို ပိုမိုပစ်မှတ်ထားလာခဲ့တာတွေ့ရပါတယ်။ ရိုဒရီဂိုဂိုးစ်၊ ဗီနီးစီးယပ်စ်ဂျူနီယာ၊ မီလီတာအိုအစရှိတဲ့ လူငယ်ကစားသမားလေးတွေကို ပီရက်ဇ်ဟာ တခြားအသင်းကြီးတွေထက် လက်ဦးမှုရယူပြီး ခေါ်ယူထားခဲ့ပါတယ်။ နောင်တစ်ချိန်မှာ ဒီကစားသမားတွေရဲ့တန်ကြေးဟာ အခုထက် အဆပေါင်းများစွာ ပိုမိုမြင့်မားလာမယ်လို့ သူကယုံကြည်နေခဲ့တာပါ။ကာကာလက်သစ်လို့ နာမည်ကြီးနေတဲ့ ရီနီယာကတော့ ဒီနှစ်ဘောလုံးရာသီမှာ ဖလာမင်ဂိုအတွက် စုစုပေါင်း ၁၄ ပွဲပါဝင်ကစားခွင့်ရထားပြီး ၈ ပွဲက ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့တာပါ။ သူဟာ အသင်းရဲ့သွင်းဂိုး ၈ ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့ပါတယ်။ ကိုယ်တိုင် ၆ ဂိုးသွင်းယူထားပြီး အသင်းဖော်တွေအတွက် ၂ ဂိုးဖန်တီးပေးထားခဲ့တာပါ။ ဆယ်ကျော်သက်ကစားသမားတစ်ယောက်အနေနဲ့ ဒါဟာ အတော်လေးကိုကောင်းမွန်တဲ့မှတ်တမ်းတစ်ရပ်လို့ဆိုရမှာဖြစ်ပါတယ်။ ရီနီယာဟာ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်မယ့် ဘရာဇီးလ်ယူ ၂၃ အသင်းမှာလည်း ပါဝင်လာဖွယ်ရှိနေကြောင်း သိရပါတယ်။