la liga

နောက်ဆုံးလာလီဂါ ၂ ပွဲမှာ ဂိုးဖန်တီးမှု ၅ ကြိမ်ရှိထားတဲ့ မက်ဆီ

Goal Goal > February 10, 2020

ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ နောက်ဆုံးလာလီဂါနှစ်ပွဲဆက် ဂိုးဖန်တီးမှုတွေ ဆက်တိုက်ပြုလုပ်နေခဲ့တာတွေ့ရပါတယ်။ ဘာစီလိုနာ ၂-၁ လီဗန်တေး နဲ့ ဘက်တစ် ၂-၃ ဘာစီလိုနာ ပွဲစဉ်များမှာတော့ လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်း ရရှိခဲ့တဲ့ သွင်းဂိုး ၅ ဂိုးစလုံးကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ လီဗန်တေးကို ၂-၁ နဲ့အနိုင်ရတဲ့ပွဲမှာတော့ ဘာစီလိုနာအတွက် နှစ်ဂိုးစလုံးကို ဆယ်ကျော်သက်တိုက်စစ်မှူးလေးအန်ဆူဖာတီက သွင်းယူပေးခဲ့တာဖြစ်ပြီး လီယွန်နယ်မက်ဆီကတော့ အဲဒီနှစ်ဂိုးစလုံးကို ဖန်တီးပေးခဲ့တာပါ။မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ ဘက်တစ်နဲ့ပွဲမှာလည်း ဘာစီလိုနာအသင်းက အဝေးကွင်းမှာ ၂-၃ နဲ့အနိုင်ရခဲ့ပြီး လီယွန်နယ်မက်ဆီက ၃ ဂိုးစလုံးကို ဖန်တီးပေးခဲ့ပြန်ပါတယ်။ ဘာစီလိုနာအတွက်ဂိုးတွေကိုတော့ ဒီဂျောင်၊ ဘူးစ်ကွက်စ်နဲ့ လန်ဂလက်တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပြီး ၃ ဂိုးစလုံးကို မက်ဆီက ဖန်တီးပေးခဲ့တာပါ။ ဒါကြောင့် နောက်ဆုံးလာလီဂါပွဲစဉ်နှစ်ပွဲမှာတော့ လီယွန်နယ်မက်ဆီရဲ့ စုစုပေါင်းဂိုးဖန်တီးမှုက ၅ ကြိမ်ထိရှိလာခဲ့ပါတယ်။မက်ဆီဟာ ဒီနှစ်ဘောလုံးရာသီ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ သွင်းဂိုးရော၊ ဂိုးဖန်တီးမှုပါ ၁၀ကြိမ်အထက်ရှိထားတဲ့ ဒုတိယမြောက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။ ပထမတစ်ယောက်ကတော့ ဒေါ့မွန်ချာတိတ်လေးဆန်ချိုဖြစ်ပါတယ်။ ဒါ့အပြင် လီယွန်နယ်မက်ဆီဟာ ဘက်တစ်ကို ၂-၃ နဲ့အနိုင်ရတဲ့ပွဲမှာ ၃ ဂိုးစလုံးကို ဖန်တီးပေးနိုင်ခဲ့ပြီး ဒီရာသီ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ တစ်ပွဲထဲ ၃ ဂိုးဖန်တီးပေးနိုင်တဲ့ ဒုတိယကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြန်ပါတယ်။ ပထမတစ်ယောက်ကတော့ RB လိုက်ပဇစ်တိုက်စစ်မှူးတီမိုဝါနာဖြစ်ပါတယ်။လက်ရှိမှာတော့ လီယွန်နယ်မက်ဆီဟာ ဒီနှစ်လာလီဂါရဲ့ ဂိုးသွင်းအများဆုံးနဲ့ ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။ သူ့ရဲ့ ဒီရာသီ လာလီဂါသွင်းဂိုးကတော့ ၁၄ ဂိုးဖြစ်ပြီး ဂိုးဖန်တီးမှုက ၁၁ ကြိမ်ပဲဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီအစမှာ ဒဏ်ရာပြဿနာကြောင့် တစ်လကျော်နားနေခဲ့ရပေမယ့်လည်း သွင်းဂိုးရော၊ ဂိုးဖန်တီးမှုရော အများဆုံးဖြစ်နေတဲ့ လီယွန်နယ်မက်ဆီရဲ့ စွမ်းဆောင်ရည်ကတော့ တကယ်ကို ချီးကျူးစရာပါပဲ။