la liga

ဂြိုဟ်သားအမြင်ရှိကြောင်း ဂိုးဖန်တီးမှုတွေနဲ့ သက်သေပြနေတဲ့ လီယွန်နယ်မက်ဆီ

Goal Goal > February 11, 2020

လီယွန်နယ်မက်ဆီဟာ နောက်ဆုံးလာလီဂါပွဲစဉ် ၂ ပွဲမှာတော့ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ လီဗန်တေးကို ၂-၁ နဲ့အနိုင်ရတဲ့ပွဲမှာ အန်ဆူဖာတီရဲ့ သွင်းဂိုး ၂ ဂိုးစလုံးကို မက်ဆီက ဖန်တီးပေးခဲ့သလို ဘက်တစ်ကို အဝေးကွင်းမှာ ၂-၃ နဲ့ အနိုင်ရရှိခဲ့ရာမှာလည်း ဒီဂျောင်၊ ဘူးစ်ကွက်စ်နဲ့ လန်ဂလက်တို့ရဲ့ဂိုးတွေကို မက်ဆီကပဲ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ လီယွန်နယ်မက်ဆီဟာ ဒီနှစ်ဘောလုံးရာသီ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၂၆ ပွဲပါဝင်ကစားထားရာမှာတော့ သွင်းဂိုး ၃၄ ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့ပါတယ်။ ကိုယ်တိုင် ၁၉ ဂိုးသွင်းယူထားပြီး အသင်းဖော်တွေကိုတော့ ၁၅ ဂိုးဖန်တီးပေးထားခဲ့တာပါ။လီယွန်နယ်မက်ဆီရဲ့ ဂိုးဖန်တီးမှု ၁၅ ကြိမ်မှာတော့ သာမန်ဘောလုံးထိုးပေးမှုတွေ အတော်လေးနည်းပါးခဲ့ပြီး တိကျတဲ့ဖြတ်တင်ဘောတွေ၊ through ball ပေးပို့မှုတွေကိုသာ အများစုတွေ့ခဲ့ရပါတယ်။ မက်ဆီရဲ့ Free-kick သွင်းဂိုးတွေကိုသာ အများစုက ချီးကျူးနေခဲ့ကြပေမယ့် သူဟာ Free-kick တွေကနေတဆင့် အသင်းဖော်တွေဂိုးသွင်းနိုင်အောင် တိကျတဲ့ဖြတ်တင်ပေးပို့မှုတွေလည်း ပြုလုပ်နိုင်သူဖြစ်ပါတယ်။ ဒီရာသီမှာ မက်ဆီဟာ Free-kick ကနေတဆင့် အသင်းဖော်တွေကို ၄ ဂိုးဖန်တီးပေးထားခဲ့ပါတယ်။မက်ဆီရဲ့ ဂိုးဖန်တီးမှု ၁၅ ကြိမ်မှာတော့ လူးဝစ်ဆွာရက်ဇ်တစ်ဦးထဲကို ၆ ကြိမ် ဂိုးဖန်တီးပေးထားခဲ့ပြီး အခြားတိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ဂရစ်ဇ်မန်းနဲ့ အန်ဆူဖာတီတို့ကိုတော့ ၂ ကြိမ်စီ ဂိုးဖန်တီးပေးထားပါတယ်။ကျန်ကစားသမားတွေကိုတော့ တစ်ကြိမ်စီဖန်တီးပေးထားခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန်နဲ့ပွဲမှာ ဂရစ်ဇ်မန်း၊ လီဗန်တေးနဲ့ပွဲမှာ ဖာတီ၊ ဘက်တစ်နဲ့ပွဲမှာ ဒီဂျောင်၊ ဗယ်လာဒိုလစ်နဲ့ပွဲမှာ ဆွာရက်ဇ်တို့ကို ဖန်တီးပေးတဲ့ ပုံစံတွေကို ဥပမာကြည့်မယ်ဆိုရင် မက်ဆီဟာ ပုံစံအမျိုးမျိုးနဲ့ ဂိုးဖန်တီးပေးနိုင်တဲ့ ဘောလုံးအမြင်ထက်သန်သူတစ်ယောက်ဖြစ်တယ်ဆိုတဲ့အချက်ကို ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။လက်ရှိမှာတော့ လီယွန်နယ်မက်ဆီဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုရဲ့တတိယဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ဂိုးဖန်တီးမှု ၁၅ ကြိမ်နဲ့ ရပ်တည်လျက်ရှိနေပါတယ်။ ထိပ်ဆုံးမှာတော့ မန်စီးတီးကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းက ၁၈ ကြိမ်နဲ့ ဦးဆောင်နေပြီး သူ့ရဲ့နောက်မှာတော့ ဒေါ့မွန်လူငယ်ကြယ်ပွင့်လေးဆန်ချို (၁၇ ကြိမ်)ဖြစ်ပါတယ်။ မက်ဆီအနေနဲ့ သူ့ရှေ့က ကစားသမားနှစ်ယောက်ကိုကျော်ဖြတ်ပြီး ဒီရာသီဂိုးဖန်တီးမှုအများဆုံးကစားသမားဖြစ်လာနိုင်မလားဆိုတာကိုတော့ ကျွန်တော်တို့စောင့်ကြည့်ရပါမယ်။