la liga

ဂိုးပေါက်တည့်ကန်ချက် နောက်ဆုံး ၂၈ ကြိမ်မှာ ၂၅ ကြိမ် ကာကွယ်နိုင်ခဲ့တဲ့ ကော်တွိုက်စ်

Goal Goal > February 12, 2020

ဇန်နဝါရီလအတွက် တစ်လတာအကောင်းဆုံး လာလီဂါကစားသမားဆုကိုတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂိုးသမားဖြစ်သူ ကော်တွိုက်စ်က ရရှိသွားခဲ့ပါတယ်။ ကော်တွိုက်စ်ဟာ ဇန်နဝါရီလအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်တွေမှာ အထူူးလက်စွမ်းပြ ကစားနိုင်ခဲ့တာကြောင့် အခုလိုမျိုး ဒီဆုကို ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကော်တွိုက်စ်ဟာ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာ ပုံမှန်လက်စွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီမှာတော့ အကောင်းဆုံးလက်စွမ်းကို ပြန်လည်ရရှိလာခဲ့ပြီး လာလီဂါမှာ Clean-sheet ၁၄ ပွဲထိ ရယူထားနိုင်ခဲ့ပါတယ်။ သူဟာ အသင်းအတွက် လာလီဂါပွဲပေါင်း ၄၇ ပွဲအထိ ပါဝင်ကစားခဲ့ပြီး ဖြစ်ပါတယ်။
ဇန်နဝါရီလအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်များမှာတော့ ကော်တွိုက်စ်ဟာ စုစုပေါင်း ဂိုးပေါက်တည့်ကန်ချက် ၂၈ ကြိမ် ရင်ဆိုင်ခဲ့ရပြီး ၂၅ ကြိမ်တိတိ ကာကွယ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားရဲ့ ရွှေလက်အိတ်ဆုရှင်ဖြစ်သူ ကော်တွိုက်စ်ဟာ ၂၀၁၈ နွေရာသီအပြောင်းအရွှေ့မှာပဲ ချယ်လ်ဆီးကနေ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိလာခဲ့ရာမှာတော့ ပုံမှန်လက်စွမ်းပြနိုင်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့လက်စွမ်းဟာ ဒီနှစ်ဘောလုံးရာသီမှာ သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့ပြီး အခုလို တစ်လတာ အကောင်းဆုံး ကစားသမားဆုရသည်အထိ လက်စွမ်းပြနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ကော်တွိုက်စ် လက်စွမ်းပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ သူ့အနေနဲ့ အဆိုပါဂိုးသမားအပေါ် အပြည့်အဝ ယုံကြည်မှုရှိကြောင်း နည်းပြဇီဒန်းက အတိအလင်း ပြောကြားထားပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိမှာတော့ ခါးသီးပြိုင်ဖက် ဘာစီလိုနာထက် ၃ မှတ်အသာနဲ့ လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်လျက် ရှိနေပါတယ်။ သူတို့အသင်းဟာ အနီးစပ်ဆုံးပွဲစဉ်အဖြစ် လာမယ့်ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ဆဲလ်တာဗီဂိုအသင်းနဲ့ ကစားရဖို့ ရှိနေပါတယ်။