la liga

လေ့ကျင့်ရေးကွင်းမှာ အထူးခြေစွမ်းပြနေတဲ့ ဟာဇက်

Goal Goal > February 13, 2020

ဒဏ်ရာပြဿနာကြောင့် ကာလကြာရှည်အနားယူနေရတဲ့ တောင်ပံကစားသမား အီဒင်ဟာဇက်ဟာ ဒီတစ်ပတ် ဆယ်တာဗီဂိုနဲ့ပွဲမှာ ရီးယဲလ်အတွက် ပြန်လည်ပွဲထွက်ကစားနိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးကနေ ရီးယဲလ်မက်ဒရစ်ကို ကနဦးပြောင်းရွှေ့ကြေးပေါင်သန်း၁၀၀နဲ့ ရောက်ရှိလာခဲ့သူအီဒင်ဟာဇက်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလကတည်းက ဒဏ်ရာပြဿနာကြောင့် အနားယူနေခဲ့ရတာဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းမှာ အထူးခြေစွမ်းပြကစားပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်အဖြစ် အခိုင်အမာရပ်တည်နိုင်ခဲ့သူဟာဇက်ဟာ ရီးယဲလ်မက်ဒရစ်မှာတော့ အထိုင်ကျဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။သူဟာ ဒီရာသီ အသင်းအတွက် ပြိုင်ပွဲစုံ ၁၃ ပွဲပါဝင်ကစားပေးထားရာမှာတော့ ဂိုးဖန်တီးမှု ၄ ကြိမ်ရှိထားခဲ့ပေမယ့် သွင်းဂိုးကတော့ တစ်ဂိုးသာရရှိထားပါသေးတယ်။ ဟာဖက်ဒဏ်ရာရသွားပြီးနောက် ပြိုင်ပွဲစုံ ၁၆ ပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်းဟာ ရှုံးပွဲတစ်ပွဲသာရှိခဲ့တာကြောင့် ဟာဇက်ဟာ အသင်းရဲ့အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်မလာသေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။လက်ရှိမှာတော့ ဟာဇက်ဟာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝဖို့နဲ့ အကောင်းဆုံးခြေစွမ်းပြန်ရဖို့ အထူးကြိုးစားလျက်ရှိနေပြီး လေ့ကျင့်ရေးကွင်းမှာ တောက်လျှောက်ခြေစွမ်းပြနေကြောင်း သိရပါတယ်။လေ့ကျင့်ရေးကွင်းက သူ့ရဲ့ခြေစွမ်းကို နည်းပြဇီဒန်းနဲ့ အသင်းခေါင်းဆောင်ရာမို့စ်တို့အပါအဝင် ကစားသမားအများစုက နှစ်သက်သဘောကျလျက်ရှိနေတယ်လို့လည်း သတင်းတွေကဆိုပါတယ်။ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ ဟာဇက်ဟာ ရီးယဲလ်မက်ဒရစ်ရဲ့ အနီးစပ်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆယ်တာဗီဂိုနဲ့ လာလီဂါပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ရီးယဲလ်ဟာ ခါးသီးပြိုင်ဖက်ဘာစီလိုနာထက် ၃ မှတ်အသာရပြီး လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိနေပါတယ်။ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာတော့ သူတို့အသင်းဟာ မန်စီးတီးနဲ့ ရင်ဆိုင်ကစားရမှာလည်းဖြစ်ပါတယ်။