la liga

ဖေဖော်ဝါရီလအတွက် လာလီဂါအကောင်းဆုံးကစားသမားဆု မက်ဆီ ရရှိ

Goal Goal > March 7, 2020

ဖေဖော်ဝါရီလအတွက် တစ်လတာ အကောင်းဆုံး လာလီဂါကစားသမားဆုကိုတော့ ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက ရရှိသွားခဲ့ပါတယ်။ မက်ဆီဟာ ဖေဖော်ဝါရီလအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ လာလီဂါပွဲစဉ် ၄ ပွဲမှာတော့ သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာကြောင့် အခုလိုမျိုး တစ်လတာ အကောင်းဆုံးကစားသမားဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့တာဆိုလည်း မမှားပါဘူး။ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီယွန်နယ်မက်ဆီဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာကြောင့် တစ်လခွဲလောက် အနားယူခဲ့ရတဲ့ကြားက လာလီဂါရဲ့ ဂိုးသွင်းအများဆုံးကစားသမားစာရင်းကို ဦးဆောင်လျက်ရှိနေသလို ဂိုးဖန်တီးမှုအများဆုံးကစားသမားစာရင်းကိုပါ ဦးဆောင်နေခဲ့တာပါ။
မက်ဆီအနေနဲ့ ဘာကာအတွက် ဒီရာသီ လာလီဂါ ၂၁ ပွဲ ကစားပေးထားရာမှာတော့ ဂိုး ၃၀ တိတိရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ကိုယ်တိုင် ၁၈ ဂိုးသွင်းယူထားပြီး အသင်းဖော်တွေကိုတော့ ၁၂ ဂိုး ဖန်တီးပေးထားခဲ့တာပါ။ သူဟာ ဒီနှစ်ဘောလုံးရာသီ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ သွင်းဂိုးရော၊ ဂိုးဖန်တီးမှုရော ဆယ်ကြိမ်အထက် ပြုလုပ်နိုင်ခဲ့တဲ့ ဒုတိယမြောက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး ဖြစ်ပါတယ်။ ပထမတစ်ယောက်ကတော့ ဒေါ့မွန်လူငယ်ခြေတက်လေး ဆန်ချိုပါ။ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာ လာလီဂါရွှေဖိနပ်ဆု၊ ချန်ပီယံလိဂ်ရွှေဖိနပ်ဆုနဲ့ ဥရောပရွှေဖိနပ်ဆုတို့ကို သိမ်းကျုံးဆွတ်ခူးထားနိုင်ခဲ့တဲ့ လီယွန်နယ်မက်ဆီဟာ ဒီနှစ်မှာတော့ လာလီဂါရွှေဖိနပ်ဆုကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ နီးစပ်နေခဲ့ပြီး အခြားရွှေဖိနပ်ဆု ၂ ခုကတော့ စောင့်ကြည့်ရဦးမယ့်အနေအထား ဖြစ်ပါတယ်။
လက်ရှိမှာ ခြေစွမ်းကျဆင်းနေတယ်လို့ ဝေဖန်မှုတချို့ရှိလာခဲ့ပေမယ့်လည်း လီယွန်နယ်မက်ဆီဟာ ဖေဖော်ဝါရီလအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်၄ပွဲမှာ ဘာစီလိုနာအသင်းကို ၁၀ ဂိုး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် အခုလိုမျိုး တစ်လတာ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် တစ်ပွဲပျမ်းမျှ ၂.၅ ဂိုးနှုန်းရအောင် စွမ်းဆောင်ပေးခဲ့တဲ့သဘော ဖြစ်နေတာကြောင့် သူ့ရဲ့ခြေစွမ်းဟာ တကယ်ကို ချီးကျူးစရာကောင်းနေခဲ့တာတော့ အမှန်ပါပဲ။ လီယွန်နယ်မက်ဆီဟာ ဒီရာသီဘာစီလိုနာအတွက် ပြိုင်ပွဲစုံပွဲ ၃၀ ကစားပေးထားရာမှာတော့ သွင်းဂိုး ၃၉ ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့ပါတယ်။ ကိုယ်တိုင် ၂၃ ဂိုးသွင်းယူထားပြီး အသင်းဖော်တွေကိုတော့ ၁၆ ဂိုး ဖန်တီးပေးထားခဲ့တာပါ။