la liga

ဂိုးသမားလောကမှာတော့ အိုဘလက်ခ်က မက်ဆီပါပဲ (ဆီမြူနီ)

Goal Goal > March 12, 2020

လီဗာပူးနဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ အကောင်းဆုံးလက်စွမ်းပြပြီး အက်တလက်တီကိုအသင်းကို ကွာတားဖိုင်နယ်ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ဂိုးသမားအိုဘလက်ခ်ကို နည်းပြဆီမြူနီက ချီးကျူးသွားခဲ့ပါတယ်။ အန်ဖီးလ်မှာ အက်တလက်တီကိုက အိမ်ရှင်လီဗာပူးကို ၂-၃ နဲ့အနိုင်ရတဲ့ပွဲမှာတော့ အိုဘလက်ခ်ဟာ အကောင်းဆုံးဂိုးပေါက်ကာကွယ်မှုတွေ ပြုလုပ်သွားနိုင်ခဲ့ပါတယ်။အကောင်းဆုံးလက်စွမ်းတွေပြသနေတဲ့ ဂိုးသမားအိုဘလက်ခ်ကို နည်းပြဆီမြူနီက မက်ဆီနဲ့ ခိုင်းနှိုင်းချီးကျူးသွားခဲ့ပြီး ဘောလုံးသမားတွေထဲမှာ မက်ဆီက နံပါတ်တစ်ဖြစ်သလို ဂိုးသမားတွေထဲမှာလည်း အိုဘလက်ခ်က အကောင်းဆုံးပဲလို့ သုံးသပ်သွားခဲ့ပါတယ်။“ဒီနေ့ဘောလုံးကမ္ဘာရဲ့ ချွင်းချက်မရှိအကောင်းဆုံးဂိုးသမားတစ်ယောက်ကို ကျွန်တော်တို့ပိုင်ဆိုင်ထားပါတယ်။ ဂိုးသမားတွေထဲမှာတော့ အိုဘလက်ခ်ကအကောင်းဆုံးပါ။ ဒါကိုကျွန်တော်ကြိမ်ဖန်များစွာ ပြောကြားခဲ့ပြီးပါပြီ။ ပြီးတော့ သူဟာ ကျွန်တော်တို့ရဲ့ အဓိကကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ဘာစီလိုနာရဲ့မက်ဆီလိုပါပဲ၊ မက်ဆီဟာ သူ့ရဲ့တိုက်စစ်စွမ်းရည်နဲ့ အသင်းကိုအကောင်းဆုံးပံ့ပိုးပေးနေသလို အိုဘလက်ခ်ကလည်း သူ့ရဲ့ဂိုးပေါက်ကာကွယ်မှုတွေနဲ့ ကျွန်တော်တို့ကို အကောင်းဆုံးအကူအညီပေးနေပါတယ်။ အိုဘလက်ခ်ဟာ ကျွန်တော်တို့ရဲ့မက်ဆီပါပဲ။ အသင်းလိုက်စွမ်းဆောင်ရည်နဲ့ပတ်သက်လို့လည်း ကျွန်တော်ကျေနပ်ပါတယ်။ အန်ဖီးလ်ဟာ တကယ်ကိုခမ်းနားကြီးကျယ်တဲ့ ဘောလုံးကွင်းတစ်ခုပါ။ဒီမှာ အကောင်းဆုံးရလဒ်တစ်ခုကို ဖန်တီးနိုင်ခဲ့တဲ့ ကျွန်တော့်အသင်းသားတွေအတွက် ကျွန်တော်ဂုဏ်ယူမိပါတယ်။ အန်ဖီးလ်မှာ လီဗာပူးကိုနိုင်ဖို့ဆိုတာ ဘယ်အသင်းအတွက်မှမလွယ်ကူခဲ့ပါဘူး”လို့ ဆီမြူနီက ပြောကြားခဲ့ပါတယ်။ အက်တလက်တီကိုမက်ဒရစ်အသင်းဟာ အနီးစပ်ဆုံးပွဲစဉ်အဖြစ် လာမယ့်တနင်္ဂနွေနေ့မှာ ဘီလ်ဘာအိုနဲ့ လာလီဂါပွဲစဉ်ကစားရဖို့ရှိနေပါတယ်။ သူတို့အသင်းဟာ လက်ရှိမှာတော့ လာလီဂါအမှတ်ပေးဇယားရဲ့ အဆင့်၆နေရာမှာ ရပ်တည်နေခဲ့တာပါ။