la liga

ဘာစီလိုနာအသင်းကနေ ပြန်ရောင်းချင်နေတဲ့ ဂရေဇ့်မန်းရဲ့အနာဂတ် ဘယ်လဲ ဘာလဲ

Goal Goal > March 26, 2020

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ဘာကာအသင်းဟာ သူတို့အသင်းရဲ့တိုက်စစ်ကစားသမား ဂရေဇ့်မန်းကို ပေါင် သန်း ၁၀၀ ဝန်းကျင်နဲ့ ပြန်လည်ရောင်းထုတ်ချင်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဂရေဇ့်မန်းအပေါ် အင်္ဂလန် ၂ သင်းဖြစ်တဲ့ မန်ယူနဲ့ အာဆင်နယ်တို့က စိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။ ဘာကာအသင်းဟာ ဒီနှစ်ရာသီမှာမှ လာလီဂါပြိုင်ဘက် အက်သလက်တီကိုအသင်းဆီကနေ ဂရေဇ့်မန်းကို စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၁၂၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ လာလီဂါကြယ်ပွင့်ကစားသမားဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားစာရင်းမှာလည်း ထိပ်ဆုံး ၃ ယောက်ထဲရောက်ဖူးတဲ့ ဂရေဇ့်မန်းအပေါ် ဘာကာပရိသတ်တွေကလည်း မျှော်လင့်ခဲ့ကြတာပဲဖြစ်ပါတယ်။ဘာကာအသင်းဟာ ဂရေဇ့်မန်းကို ရရှိပြီးနောက် လီဗာပူးကနေ ခေါ်ထားတဲ့ ကော်တင်ဟိုကိုတောင် ဘိုင်ယန်ကို အငှားနဲ့ ပြန်လည်စေလွှတ်ခဲ့ပါတယ်။ သူတို့ဟာ ဂရေဇ့်မန်း မက်ဆီ ဆွာရက်ဇ်အတွဲနဲ့ အကောင်းဆုံးလုပ်ဆောင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဂရေဇ့်မန်းရဲ့ပုံမှန်ခြေစွမ်းမရှိမှု၊ ဆွာရက်ဇ်ရဲ့ဒဏ်ရာပြဿနာတွေကြောင့် ဒီနှစ်မှာလည်း ခြေစွမ်းက မတည်ငြိမ်ဘဲ အနည်းငယ်ရုန်းကန်နေရသေးတာပဲဖြစ်ပါတယ်။ ဂရေဇ့်မန်းဟာ ဒီနှစ်ရာသီမှာ ဘာကာအသင်းအတွက် လာလီဂါမှာ ပွဲစဉ် ၂၆ ပွဲအထိ ကစားခွင့်ရထားပေမယ့် ဂိုးကတော့ ၈ ဂိုးနဲ့ ၄ ဂိုးသာ ဂိုးဖန်တီးမှုပြုလုပ်ထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ အရေးပါတဲ့ပွဲတွေမှာ အဆုံးအဖြတ်သွင်းဂိုးတွေနဲ့ ပွဲအဖြေကို ပြောင်းလဲနိုင်မှုနည်းပါးတာကြောင့် အခုလိုပဲ ဝေဖန်မှုတချို့နဲ့ ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။တချို့သုံးသပ်မှုတွေမှာတော့ မက်ဆီနဲ့ ဂရေဇ့်မန်းကြားမှာ ရင်းနှီးမှုကနည်းပါးနေပြီး ဒါကပဲ သူတို့နှစ်ယောက်ရဲ့တွဲဖက်မှုအပေါ် လာရောက်ရိုက်ခတ်တယ်လို့ သုံးသပ်နေကြတာပါ။ ဒါကို တချို့ပွဲတွေမှာလည်း တွေ့မြင်ရပြီး ဂရေဇ့်မန်းဟာ သီးခြားလိုဖြစ်နေတာကို တွေ့မြင်ရပါတယ်။ လက်ရှိမှာတော့ ဘာကာအသင်းဟာ PSG မှာ ကစားနေတဲ့ အသင်းကစားသမားဟောင်း နေမာကို ပြန်လည်ချိတ်ဆက်မှုတွေ ပြုလုပ်လာခဲ့ပြန်ပြီပဲဖြစ်ပါတယ်။ နေမာကိုယ်တိုင်ကလည်း ဘာကာကိုပြန်ချင်နေပြီဖြစ်သလို မက်ဆီကလည်း နေမာကိုပြန်ခေါ်ဖို့ အသင်းကိုတိုက်တွန်းထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ဂရေဇ့်မန်းအတွက် စိတ်ပူရတဲ့အနေအထားပဲဖြစ်ပါတယ်။လက်ရှိ နောက်ဆုံးသတင်းတွေအရတော့ ဘာကာဟာ ဂရေဇ့်မန်းအတွက် ပေါင် သန်း ၁၀၀ နီးပါးရရင် ရောင်းထုတ်မယ်လို့ သိရပါတယ်။ ဒီအခြေအနေကို မန်ယူကလည်း စောင့်ကြည့်နေပါတယ်။ မန်ယူဟာ ဂရေဇ့်မန်းကို အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးပြီး ဘာကာကို လက်လွှတ်လိုက်ရတာပါ။ တစ်ခုရှိတာက သူတို့ဟာ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ပြီးပြီဖြစ်တဲ့အတွက် ဂရေဇ့်မန်းကို ဆက်ခေါ်ဦးမလားဆိုတာပါ။ အခြားတစ်ဖက်မှာလည်း ဂရေဇ့်မန်းကို အာဆင်နယ်အသင်းကလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဂရေဇ့်မန်းကိုယ်တိုင်ကလည်း သူ့အခြေအနေကို စိတ်ပျက်နေတာမို့ လာမယ့်ကာလမှာ ဂရေဇ့်မန်းရဲ့စွန့်စားခန်းအသစ်တွေကို တွေ့မြင်ရတော့မလားဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။