la liga

ကမောက်ကမတစ်ခုခုသာမဖြစ်ရင် မက်ဆီက ဘာကာမှာ တစ်သက်လုံးနေမှာပါ … (အဂူရို)

Goal Goal > April 30, 2020

အပြောင်းအရွှေ့သတင်းတချို့ ထွက်ပေါ်လာပေမယ့်လည်း လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာမှာပဲ ဆက်ရှိနေမယ်လို့ လက်ရွေးစင်အသင်းဖော်တိုက်စစ်မှူး အဂူရိုက ဟောကိန်းထုတ်လိုက်ပါတယ်။ လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းကို အင်မတန် သံယောဇဉ်ကြီးမားလှသူဖြစ်တာကြောင့် ကမောက်ကမအဖြစ်အပျက် ကြီးကြီးမားမားတစ်ခုသာ မဖြစ်ခဲ့ဘူးဆိုရင် ဘာကာမှာပဲ ကစားသမားဘဝတစ်လျှောက်လုံး ဖြတ်သန်းသွားဖွယ်ရာရှိနေတယ်လို့ အဂူရိုက သုံးသပ်သွားခဲ့ပါတယ်။
လီယွန်နယ်မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်ဖို့အတွက် လက်ရှိအချိန်ထိ သဘောတူညီမှုတစ်စုံတစ်ရာ မရသေးပါဘူး။
“လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ အမှတ်တံဆိပ်တစ်ခု၊ သင်္ကေတတစ်ခုလိုမျိုး ဖြစ်လာနေပါတယ်၊ သူဟာ ဘာစီလိုနာအသင်းအပေါ် အင်မတန် သံယောဇဉ်ကြီးမားသူတစ်ယောက်ဖြစ်ပြီး ဘာကာဘက်ကလည်း သူ့ကို အထူးတလည် တန်ဖိုးထားပါတယ်။ ဒါပေမဲ့ ဘောလုံးမှာ ဘာမဆိုဖြစ်သွားနိုင်တာကိုလည်း ကျွန်တော်တို့ မမေ့သင့်ပါဘူး။
ကျွန်တော့်အမြင်အရတော့ ကြီးကြီးမားမား ကမောက်ကမဖြစ်ရပ်တစ်ခုခုသာမရှိခဲ့ရင် မက်ဆီဟာ ဘာစီလိုနာမှာပဲ ကစားသမားဘဝတစ်လျှောက်လုံးကို ဖြတ်သန်းသွားမှာပါ။ ကစားသမားဘဝက အနားမယူခင်မှာ တစ်ဦးချင်းနဲ့ အသင်းလိုက်အောင်မြင်မှုတွေ သူအများကြီးရရှိဦးမှာ သေချာပါတယ်” လို့ အဂူရိုက ပြောကြားခဲ့ပါတယ်။
လီယွန်နယ်မက်ဆီဟာ ဒီနှစ်ဘောလုံးရာသီ လာလီဂါ ၂၄ ပွဲ ပါဝင်ကစားထားရာမှာတော့ ၁၉ ဂိုး သွင်းယူထားနိုင်ခဲ့သူ ဖြစ်ပါတယ်။