la liga

မက်ဆီကို ခေါ်နိုင်ဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ဖူးတဲ့ ဂီတာဖေး

Goal Goal > May 21, 2020

သူတို့အသင်းဟာ မက်ဆီကို အငှါးခေါ်ယူနိုင်ဖို့ အတော်လေး နီးစပ်ခဲ့ဖူးတယ်လို့ ဂီတာဖေးဥက္ကဋ္ဌ အိန်ဂျယ်တောရက်စ်က ပြောကြားလိုက်ပါတယ်။ အိန်ဂျယ်တောရက်စ်ဟာ ဘာစီလိုနာဥက္ကဋ္ဌဟောင်း လာပေါ်တာနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူဖြစ်တာကြောင့် ဆယ်ကျော်သက်အရွယ် လီယွန်နယ်မက်ဆီကို အငှါးခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတာ ဖြစ်ပါတယ်။
မက်ဆီဟာ အသက် ၁၇ နှစ်အရွယ်၊ ၂၀၀၄ ခုနှစ်မှာ ဘာစီလိုနာအသင်းအတွက် စတင်ပွဲထွက်ကစားခဲ့တာဖြစ်ပြီး အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်မရသေးခင်အချိန်ဖြစ်လို့ သူ့ကိုအငှါးခေါ်ပြီး ပုံမှန်ပွဲထွက်ခွင့်ပေးဖို့ ဆန္ဒရှိခဲ့တယ်လို့ အိန်ဂျယ်တောရက်စ်က ဆိုပါတယ်။ ဒါ့အပြင် သူဟာ ဂွာဒီယိုလာကို ဂီတာဖေးနည်းပြအဖြစ် ခန့်အပ်ဖို့လည်း နှုတ်အားဖြင့် သဘောတူညီမှု ရယူခဲ့ဖူးတယ်လို့ အိန်ဂျယ်တောရက်စ်က ပြောကြားခဲ့ပါတယ်။
“အဲဒီတုန်းက လီယွန်နယ်မက်ဆီဟာ အသက် ၁၇ နှစ်ပဲ ရှိပါသေးတယ်။ ဘာစီလိုနာအသင်းမှာလည်း ပုံမှန်ပွဲထွက်ခွင့်မရသေးပါဘူး။ ကျွန်တော် သူ့ကိုအငှါးခေါ်ယူဖို့ အတော်လေး စိတ်အားထက်သန်ခဲ့ပြီး ခေါ်ယူနိုင်ဖို့လည်း အတော်လေး နီးစပ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးအချိန်မှာ အဲဒီတုန်းက ဘာစီလိုနာနည်းပြရစ်ကတ်က သဘောမတူခဲ့တဲ့အတွက် အပြောင်းအရွှေ့မဖြစ်ခဲ့ပါဘူး။ ကျွန်တော်ဟာ ဂွာဒီယိုလာကို နည်းပြအဖြစ် ခန့်အပ်ဖို့လည်း နှုတ်အားဖြင့် သဘောတူညီမှု ရယူခဲ့ဖူးပါတယ်။
အဲဒီတုန်းက ဘာစီလိုနာအသင်း တာဝန်ရှိသူတွေဟာ မိုက်ကယ်လောဒရပ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စီစဉ်ထားချိန်ဖြစ်ပြီး ဥက္ကဋ္ဌ လာပေါ်တာက ဂွာဒီယိုလာကို သဘောမကျပါဘူး။ ဒါကြောင့် ဂွာဒီယိုလာကိုခေါ်ယူဖို့ ကျွန်တော် ကြိုးစားခဲ့ပြီး နှုတ်အားဖြင့် သဘောတူညီမှုယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ လောဒရပ်က ဘာကာကို ရောက်မလာခဲ့ဘဲ ဂွာဒီယိုလာကသာလျှင် နည်းပြသစ်ဖြစ်လာခဲ့ပါတယ်” လို့ အိန်ဂျယ်တောရက်စ်က ပြောကြားခဲ့ပါတယ်။