myanmar

ဂျပန်ပွဲမှာ ပရိသတ်ပျော်သွားမယ့်ရလဒ်ထွက်အောင် အစွမ်းကုန် ကြိုးစားမယ်လို့ မြန်မာအသင်းနည်းပြ ပြော

Goal Goal > September 9, 2019

စက်တင်ဘာ ၁၀ ရက် ည ၆ နာရီ ၅၀ မှာ သုဝဏ္ဏကွင်းထဲ မြန်မာ့လက်ရွေးစင်အသင်းနဲ့ အာရှအင်အားကြီး ဂျပန်တို့ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲအဖြစ် ကစားကြမှာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ ခြေစစ်ပွဲအစ မွန်ဂိုလီးယားကွင်းမှာ ကစားခဲ့ရပြီး မောင်မောင်လွင် ထုတ်ပယ်ခံရခြင်းနဲ့အတူ တစ်ဂိုး ဂိုးမရှိ အရှုံးပေးခဲ့ရပါတယ်။ ကမ္ဘာ့အဆင့်ကွာတဲ့ မွန်ဂိုလီးယားကို ချေပဂိုး တစ်ဂိုးတောင် ပြန်မသွင်းနိုင်ဘဲ ရှုံးခဲ့ရတာက မြန်မာပရိသတ်တွေအတွက် ဒေါသထွက်စေခဲ့ရပါတယ်။ မွန်ဂိုလီးယားကို ရှုံးခဲ့တဲ့ပွဲအပြီး မြန်မာ့လက်ရွေးစင်နည်းပြဖြစ်တဲ့ မီရိုဒရပ်ဟာလည်း တော်တော်လေး ဝေဖန်ခံခဲ့ရပါတယ်။ မြန်မာအသင်းဟာ ဒီလိုအချိန်မှာပဲ အာရှထိပ်သီး ဂျပန်နဲ့ ကစားရတော့မှာပါ။

ကိုပါအမေရိကဖလား ပြိုင်ပွဲဝင်ခဲ့တဲ့ ဂျပန်အသင်းဟာ မြန်မာပွဲကို သူတို့ရဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပထမဆုံးခြေစစ်ပွဲအဖြစ် ကစားမှာပါ။ ဂျပန်အသင်းဟာ မြန်မာပွဲမတိုင်မီ ပါရာဂွေးနဲ့ ခြေစမ်းရာမှာ အနိုင်ရခဲ့ပါသေးတယ်။ မြန်မာအသင်းဟာ အိမ်ရှင်အဖြစ် ကစားရတာကလွဲရင် ဂျပန်အသင်းအပေါ် အားသာတာမျိုး မရှိပါဘူး။ ဂျပန်အသင်းရဲ့ခြေစွမ်းဟာ မြန်မာအသင်းထက် အပုံကြီးသာနေပါတယ်။ မြန်မာ-ဂျပန်ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို အင်းယားလိတ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

မြန်မာအသင်းနည်းပြ မီရိုဒရပ်က ” ပရိသတ်တွေ ပျော်ရမယ့် ရလဒ်မျိုးထွက်အောင် အစွမ်းကုန် ကြိုးစားမယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ မြန်မာအသင်း ရှေ့မှာကစားခဲ့တဲ့ ခြေစမ်းပွဲ မွန်ဂိုလီးယားနဲ့ ခြေစစ်ပွဲမှာ အားကြိုးမာန်တက် ကစားခဲ့တဲ့ခြေကို ဂျပန်ပွဲမှာ ထပ်မြင်ရမှာပါ ” လို့ ပြောကြားခဲ့ပါတယ်။ ဂျပန်အသင်းနည်းပြ မိုရီရာဆုဟာ မြန်မာအသင်းနဲ့ ကစားမယ့်ပွဲအတွက် ကစားသမား ၂၃ ဦး စာရင်းထုတ်ပြန်ထားရာမှာ ပြည်တွင်းလိဂ်က ကစားသမား ၄ ယောက်သာပါပြီး ကျန်ကစားသမားတွေက ဥရောပထွက်ကစားနေတဲ့ ပလေယာတွေပါ။