myanmar

တာဝန်ကျေ ချစ်ဖို့ကောင်းတဲ့ ကွင်းလုံးပြည့် ပရိသတ်ရှေ့ ဂျပန်ကို ၂ ဂိုးသာရှုံးတဲ့ မြန်မာ

Goal Goal > September 10, 2019

မြန်မာ့လက်ရွှေးစင်အသင်းဟာ ကမ္ဘာ့ဖလားအာရှဇုန်ခြေစစ်ပွဲ ဒုတိယပွဲအဖြစ် အာရှအင်အားကြီး ဂျပန်နဲ့ ကစားခဲ့ရာမှာ ၂ ဂိုး ဂိုးမရှိရှုံးခဲ့တယ်။ မြန်မာအသင်းပရိသတ်တွေဟာ ပွဲကစားမယ့်အချိန်မတိုင်မီ သုဝဏ္ဏကွင်းကို ကြိုရောက်နေခဲ့ပါတယ်။ တာဝန်ကျေတဲ့ပရိသတ်တွေဟာ ကွင်းလုံးပြည့်လာရောက်အားပေးခဲ့ကြပြီး နိုင်ငံတော်သီချင်းသီဆိုချိန်မှာတော့ ကြက်သီးထစရာကောင်းလောက်အောင် သီဆိုသံတွေမြည်ဟိန်းခဲ့ပါတယ်။ မြန်မာအသင်းနဲ့ ဂျပန်အသင်းရဲ့ ဘောလုံးအဆင့်အတန်းခြေစွမ်းက ကွာခြားမှုရှိတယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ ဒီပွဲမှာ မြန်မာအသင်း ဂျပန်ကိုနိုင်ဖို့က ဘယ်လိုမှမဖြစ်နိုင်ခဲ့တာ အမှန်ဆိုပေမယ့် ပရိသတ်တွေက စိတ်ဓာတ်အပြည့်ထည့်ကာ အားပေးခဲ့တာပါ။

မြန်မာအသင်းပွဲထွက်လူစာရင်းမှာ ဂိုးသမား ကျော်ဇင်ဖြိုး ဇော်လင်း အသင်းခေါင်းဆောင် ဇော်မင်းထွန်း နန္ဒကျော် လှိုင်းဘိုဘို ဇော်ရဲထွန်း ကောင်းစည်သူ စိုးမိုးကျော် သိန်းသန်းဝင်း အောင်သူနဲ့ သန်းပိုင်တို့ပါဝင်လာပါတယ်။ ဂျပန်အသင်းပွဲထွက်လူစာရင်းမှာ ဂွန်ဒါ ယိုရှီဒါ နာဂါတိုမို ဆာကိုင်း တိုမီရာဆု ရှီဘာဆာကီ ဟာရှီမိုတို နာကာဂျီမာ ဒိုယန် အိုဆာကိုနဲ့ မီနာမီနိုတို့ ပါဝင်လာပါတယ်။ မိုးရွာသွန်းထားတာကြောင့် ကွင်းမျက်နှာပြင်ရေဝပ်နေခဲ့တာကိုလည်း တွေ့ရပါတယ်။ မြန်မာကစားသမားတွေဟာ ဂျပန်ကို အကောင်းဆုံးရင်ဆိုင်ဖို့ ပြင်ဆင်လာပေမယ့် အဆင့်ချင်းကွာနေတာက အဖြေဖြစ်ခဲ့တယ်။ ဂျပန်ဟာ ပွဲစတာနဲ့ ဘောလုံးကိုင်နိုင်ပြီး အေးအေးလူလူသာ ကစားခဲ့ပါတယ်။ မြန်မာဟာ ဂျပန်တိုက်စစ်ကို ခုခံဖို့သာ အဓိကထားခဲ့တယ်။

မြန်မာဟာ  ပွဲချိန် ၁၆ မိနစ်မှာ ဂိုးပေးလိုက်ရပါတယ်။ ပေါ်တိုမှာကစားနေတဲ့ ကွင်းလယ်လူ နာကာဂျီမာက ပင်နယ်တီဧရိယာအစပ်ကနေ လှလှပပသွင်းပေးခဲ့ပါတယ်။ ဂျပန်ဟာ ၂၆ မိနစ်မှာ ဒုတိယဂိုးရခဲ့ပြီး ဆဲလ်ဘတ်တိုက်စစ်မှူး မီနာမီနိုက ခေါင်းတိုက်သွင်းခဲ့ပါတယ်။ မြန်မာဂိုးသမား ကျော်ဇင်ဖြိုးသာ လက်စွမ်းမပြရင် ပထမပိုင်းမှာတင် ဂိုးပြတ်ပိုရှုံးမှာပါ။ မြန်မာအသင်းဟာ ဒုတိယပိုင်းမှာ လူစားလဲမှုတွေလုပ်ခဲ့ပြီး စည်သူအောင် လွင်မိုးအောင်နဲ့ ဆွမ်လမန်တို့ ဝင်ကစားခဲ့တယ်။ ပရိသတ်တွေကြည့်ချင်နေတဲ့ ဂျပန်မက်ဆီ ကူဘိုဟာ မိနစ် ၈၀ မှာ လူစားဝင်ခဲ့တယ်။ ဂျပန်ဟာ ဒုတိယပိုင်းမှာလည်း ဖိအားပေးကစားကာ ဂိုးတွေထပ်ရဖို့ ကြိုးစားပေမယ့် ဂိုးထပ်မရခဲ့ဘူး။ ရလဒ်မပြောင်းခဲ့လို့ မြန်မာဟာ ၂ ဂိုး ဂိုးမရှိသာ ရှုံးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မြန်မာကစားသွားတာက တကယ့်ကိုအားကြိုးမာန်တက်ပါ။ မိနစ်၅၀ ကျော်မှာ မြန်မာက ထိုးဖောက်နိုင်ခဲ့တယ်။ မြန်မာဂိုးသမား ကျော်ဇင်ဖြိုးဟာ တစ်ပွဲလုံးလက်စွမ်းပြခဲ့ပါတယ်။ မြန်မာပရိသတ်တွေဟာ အသင်းဘာပဲဖြစ်နေဖြစ်နေ အချိန်တန်ကြ လာအားပေးတာက အင်မတန်ချစ်စရာကောင်းပါတယ်။