myanmar

ဆီးဂိမ်းစ်အကြို ဘရာဇီးလ်လက်ရွေးစင်အသင်းနဲ့ ခြေစမ်းခွင့်ရမယ့် မြန်မာအမျိုးသမီးအသင်း

Goal Goal > September 27, 2019

2019 AFF အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ တတိယရရှိထားတဲ့ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းဟာ တရုတ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဖိတ်ကြားချက်အရ လေးနိုင်ငံအမျိုးသမီးဖိတ်ခေါ်ဖလားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ကစားဖို့ရှိနေကြောင်း သိရပါတယ်။ အဆိုပါပြိုင်ပွဲမှာတော့ အိမ်ရှင်တရုတ်နဲ့အတူ နယူးဇီလန်၊ ဘရာဇီးလ်နဲ့ မြန်မာလက်ရွေးစင်အသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပဲဖြစ်ပါတယ်။ လာမယ့်နိုဝင်ဘာလ ၄ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ချုံကင်းမြို့မှာ ယှဉ်ပြိုင်ကစားမယ့် ဒီိဖိတ်ခေါ်ဖလားပြိုင်ပွဲဟာ ဆီးဂိမ်းအတွက် ပြင်ဆင်မှုတွေပြုလုပ်လျက်ရှိနေတဲ့ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းအတွက် များစွာအကျိုးရှိစေနိုင်တဲ့ ပြိုင်ပွဲတစ်ရပ်ပဲဖြစ်ပါတယ်။လက်ရှိကမ္ဘာ့အဆင့်ရပ်တည်မှုတွေအရ ဘရာဇီးလ်က အဆင့် ၁၀၊ အိမ်ရှင်တရုတ်က အဆင့် ၁၆ နဲ့ နယူးဇီလန်က ကမ္ဘာ့အဆင့် ၂၃ တွေမှာ အသီးသီးရပ်တည်နေတာကြောင့် မြန်မာအမျိုးသမီးအသင်းအနေနဲ့ အတွေ့အကြုံကောင်းများစွာရရှိနိုင်မယ့် ပြိုင်ပွဲတစ်ရပ်ပဲဖြစ်ပါတယ်။ မြန်မာအမျိုးသမီးအသင်းကတော့ လက်ရှိကမ္ဘာ့အဆင့် ၄၆ နေရာမှာ ရပ်တည်လျက်ရှိနေပါတယ်။ ဒီပြိုင်ပွဲအပြီးမှာလည်း မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ လေ့ကျင့်မှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး တရုတ်အမျိုးသမီး ကလပ်အသင်းနှစ်သင်းနဲ့ ခြေစမ်းပွဲတွေ အသီးသီးယှဉ်ပြိုင်ကစားသွားမှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိနေပြီး မနေ့ကပဲ ယူ-၁၉ အသင်းနဲ့ ခြေစမ်းကစားခဲ့ရာမှာ ၃-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ တရုတ်ခရီးစဉ်ကနေ ပြန်လည်ရောက်ရှိလာမယ့် မြန်မာအမျိုးသမီးအသင်းဟာ နိုဝင်ဘာလ ၂၀ ရက်နေ့မှာတော့ ရန်ကုန်မြို့မှာ တရုတ်(တိုင်ပေ)အမျိုးသမီးအသင်းနဲ့ ခြေစမ်းပွဲတစ်ပွဲ ထပ်ပြီးယှဉ်ပြိုင်ကစားဖို့ရှိနေကြောင်း သိရပါတယ်။

Reference & Photo: MFF