myanmar

အာရှမှာ ထိပ်ဆုံး ၁၀ သင်း စာရင်းဝင်လာတဲ့ မြန်မာအမျိုးသမီးအသင်း

Goal Goal > September 28, 2019

စက်တင်ဘာလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေကို ထုတ်ပြန်ကြေညာခဲ့ရာမှာတော့ မြန်မာအမျိုးသမီးအသင်းဟာ အာရှမှာ ထိပ်ဆုံး ၁၀ သင်း စာရင်းဝင်လာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ ကမ္ဘာ့အဆင့် ၄၅ နေရာမှာ ရပ်တည်နေခဲ့ပြီး အရှေ့တောင်အာရှမှာ အဆင့် ၃ နဲ့ အာရှမှာ အဆင့် ၁၀ နေရာတွေမှာ အသီးသီး ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒေသတွင်းပြိုင်ဘက်များဖြစ်ကြတဲ့ ထိုင်းအသင်းနဲ့ ဗီယက်နမ်အသင်းတို့ဟာလည်း အာရှထိပ်သီးအသင်းများအဖြစ် အသီးသီး ရပ်တည်နေခဲ့ကြပါတယ်။

အရှေ့တောင်အာရှရဲ့ နံပါတ်တစ်အသင်းအဖြစ် ရပ်တည်နေတဲ့ ဗီယက်နမ်ဟာ ကမ္ဘာ့အဆင့် ၃၄ နဲ့ အာရှအဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ထိုင်းကတော့ ကမ္ဘာ့အဆင့် ၃၉ နဲ့ အာရှအဆင့် ၇ နေရာတွေမှာ အသီးသီး ရပ်တည်နေပြီး အရှေ့တောင်အာရှရဲ့ ဒုတိယအကောင်းဆုံးအသင်းပဲ ဖြစ်ပါတယ်။ အာရှအကောင်းဆုံး ၁၀ သင်းမှာတော့ မြန်မာနဲ့အတူ သြစတေးလျ၊ မြောက်ကိုးရီးယား၊ ဂျပန်၊ တရုတ်၊ တောင်ကိုးရီးယား၊ ဗီယက်နမ်နဲ့ ထိုင်းအသင်းတွေ ပါဝင်နေခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန်အသင်းဟာ ကမ္ဘာ့နံပါတ်တစ်နေရာမှာ ဆက်လက်ရပ်တည်နေပြီး ဂျာမနီနဲ့နယ်သာလန်တို့က ဒုတိယနဲ့ တတိယနေရာတွေမှာ အသီးသီး ရပ်တည်နေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ မြန်မာအမျိုးသမီးအသင်းဟာ နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ လေးနိုင်ငံဖလားပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။ အဆိုပါပြိုင်ပွဲမှာတော့ မြန်မာအမျိုးသမီးအသင်းနဲ့အတူ အိမ်ရှင် တရုတ်၊ ဘရာဇီးလ်နဲ့ နယူးဇီလန်တို့လို အမျိုးသမီးဘောလုံးအင်အားကြီးနိုင်ငံတွေ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ကြောင်း သိရပါတယ်။ မြန်မာအမျိုးသမီးဟာ မကြာသေးမီကပဲ ယူ-၁၉ အသင်းနဲ့ ခြေစမ်းပွဲကစားခဲ့ပြီး ၃-၂ နဲ့ အနိုင်ရရှိထားပါတယ်။