myanmar

မော်လ်ဒိုက်အင်တာနေရှင်နယ်ချဲလင့် ဆီမီးမှာ ဗီယက်နမ်ကစားသမားကို သက်ထားသူဇာ ရှုံးနိမ့်

Goal Goal > September 28, 2019

မော်​လ်​ဒိုက်​နိုင်​ငံမှာ ကျင်းပပြုလုပ်​လျက်​ရှိတဲ့ Maldives International Challenge 2019 ကြက်တောင်ရိုက်ပြိုင်​ပွဲရဲ့ ဆီမီးဖိုင်​နယ်​ပွဲစဉ်​​တွေကို ဒီည​နေက ကျင်းပပြုလုပ်​သွားခဲ့ပါတယ်​။ အမျိုးသမီးတစ်ဦးချင်းပြိုင်​ပွဲမှာ​တော့ မြန်​မာနိုင်​ငံကိုယ်​စားပြု သက်​ထားသူဇာဟာ ဗီယက်​နမ်​အားကစားသမား သီထရန်​ဗူကို ၂-၁ ပွဲနဲ့ ရှုံးနိမ့်​ကာ ဗိုလ်လုပွဲတက်​ခွင့်​နဲ့ လွဲ​ချော်​ခဲ့ပါတယ်​။

၁၆ ဦးအဆင့်​မှာ ဘူလ်​​ဂေးရီးယား လင်​ဒါဇက်​ချီရီ၊ ကွာတားဖိုင်​နယ်​မှာ က​နေဒါက ဘရစ်​တနီတမ်​တို့ကို အနိုင်ယူကာ ဆီမီးဖိုင်​နယ်​ တက်​ခဲ့တဲ့ သက်​ထားသူဇာဟာ ကမ္ဘာ့အဆင့်​ ၆၂ ရှိပြီး သူ့ထက်​ ၂ ဆင့်​နိမ့်​တဲ့ သီထရန်​ဗူကို ၁-၁ ပွဲအထိ ယှဉ်​ပြိုင်​နိုင်​ခဲ့​ပေမယ့်​ တတိယပွဲငယ်​မှာ ရှုံးနိမ့်​သွားခဲ့တာပါ။ ပထမပွဲငယ်​မှာ သီထရန်ဗူက ၂၁-၁၄ မှတ်​နဲ့ အနိုင်​ရခဲ့ပြီး ဒုတိယပွဲငယ်​မှာ​တော့ သက်​ထားသူဇာက ၂၁-၁၅ မှတ်​နဲ့ ပြန်လည်အနိုင်​ရခဲ့ပါတယ်​​။

ဒါ​ကြောင့်​ ဗိုလ်​လုပွဲတက်​​ရေး အဆုံးအဖြတ်​အဖြစ်​ တတိယပွဲငယ်​ကို ဆက်​လက်​ယှဉ်​ပြိုင်​ခဲ့ရပါတယ်​။ တတိယပွဲငယ်​မှာ​တော့ သီထရန်​ဗူက ၂၁-၁၆ မှတ်​နဲ့ အနိုင်​ရခဲ့တာ​ကြောင့်​ ၂-၁ ပွဲနဲ့အနိုင်​ယူကာ ဗိုလ်​လုပွဲကို တက်​လှမ်းသွားခဲ့တာ ဖြစ်​ပါတယ်​။ သက်​ထားသူဇာဟာ အခုပြိုင်​ပွဲမတိုင်​မီ ​မော်​လ်​ဒိုက်​နိုင်​ငံမှာပဲ ပြုလုပ်​တဲ့ Maldives International Future Series မှာ​တော့ ဗိုလ်​လုပွဲအထိ တက်​​ရောက်​ကာ အိန္ဒိယကစားသမားကို ရှုံးနိမ့်​ခဲ့လို့ ​ငွေတံဆိပ်​နဲ့သာ ​ကျေနပ်​ခဲ့ရပါတယ်​။

ဒါ့အပြင်​ ရန်​ကုန်​မှာကျင်းပပြုလုပ်​တဲ့ မြန်​မာအင်​တာ​နေရှင်​နယ်​ စီးရီးပြိုင်​ပွဲရဲ့ ဗိုလ်​လုပွဲအဆင့်​မှာလည်း အင်ဒိုနီးရှားကစားသမားကို အ​ရေးနိမ့်​ကာ ဒုတိယဆုနဲ့သာ ​ကျေနပ်​ခဲ့ရပါတယ်​။ သက်​ထားသူဇာဟာ ဂျပန်နိုင်ငံမှာ ပြုလုပ်​မယ့်​ ၂၀၂၀ တိုကျိုအိုလံပစ်​ပြိုင်​ပွဲ ဝင်​​ရောက်​ယှဉ်​ပြိုင်​ခွင့်​ရဖို့အတွက်​ နိုင်​ငံတကာပြိုင်​ပွဲ​တွေ ဝင်​​ရောက်​ဆင်​နွှဲ​နေတာဖြစ်​ပြီး ရမှတ်​​တွေစု​ဆောင်းကာ ကမ္ဘာ့အဆင့်​မြင့်​တက်​လာဖို့ လိုအပ်​လျက်​ရှိပါတယ်​။

Photo Credit – THET HTAR Thuzar facebook