myanmar

အောင်သူ၊ ကျော်ကိုကိုတို့နှင့်ပတ်သက်၍ ထိုင်းလိဂ်အသင်းများမှ အတည်ပြုသတင်းထုတ်ပြန်ခြင်းမရှိသေး

Goal Goal > December 30, 2019

ထိုင်းလိဂ်မှာ သွားရောက်ကစားနေတဲ့ မြန်မာလက်ရွေးစင်အသင်းရဲ့ အဓိကတိုက်စစ်မှူးတွေဖြစ်ကြတဲ့ အောင်သူ၊ ကျော်ကိုကိုတို့နဲ့ပတ်သက်လို့ သက်ဆိုင်ရာကလပ်အသင်းတွေက အခုချိန်ထိ အတည်ပြုသတင်းထုတ်ပြန်တာမျိုးမရှိသေးဘူးလို့ Fox Sports ကဖော်ပြသွားခဲ့ပါတယ်။ ကျော်ကိုကိုက လက်ရွေးစင်အသင်းဖော်ဇော်မင်းထွန်းရှိနေတဲ့ ဆူခိုထိုင်းအသင်းကို ပြောင်းရွှေ့မှာဖြစ်တယ်လို့ သတင်းတွေရှိနေသလို အောင်သူကလည်း မြောင်တောင်ကနေ အသင်းဟောင်းပူးလစ်တယ်ရိုကို ပြန်လည်ပြောင်းရွှေ့မှာဖြစ်ကြောင်း သိထားရပေမယ့် သက်ဆိုင်ရာကလပ်အသင်းတွေဖက်က အခုချိန်ထိ တရားဝင်သတင်းထုတ်ပြန်မှုမျိုးမရှိသေးတာဖြစ်ပါတယ်။သူတို့နှစ်ယောက်စလုံးဟာ ထိုင်းလိဂ်မှာ ၂ ရာသီစီ ကစားခဲ့ကြဖူးတဲ့ ကစားသမားတွေပဲဖြစ်ပါတယ်။ အောင်သူက ၂၀၁၈ ခုနှစ်မှာ ပူးလစ်တယ်ရိုအသင်းဆီပြောင်းရွှေ့ကစားခဲ့ပြီး ၃၁ ပွဲကစားခဲ့ရာမှာ ၁၁ဂိုးသွင်းယူနိုင်ခဲ့သလို အထူးခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက် ထိပ်တန်းကလပ်အသင်းတစ်သင်းဖြစ်တဲ့ မြောင်တောင်ကိုပြောင်းရွှေ့ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာတော့ အောင်သူဟာ မြောင်တောင်အသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့ခြင်းမရှိဘဲ ၁၃ ပွဲသာပါဝင်ကစားခွင့်ရခဲ့သလို ၃ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ဒါကြောင့် သူ့အနေနဲ့ လာမယ့် ၂၀၂၀ ဘောလုံးရာသီမှာ အသင်းဟောင်းပူးလစ်တယ်ရိုဆီပြန်လည်ပြောင်းရွှေ့မှာဖြစ်တယ်လို့ အစောပိုင်းက သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ပူးလစ်တယ်ရိုအသင်းဖက်က လက်ရှိအချိန်ထိ အတည်ပြုသတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။ တကယ်လို့သာ အောင်သူအနေနဲ့ ပူးလစ်တယ်ရိုကိုမပြောင်းဖြစ်ခဲ့ရင်တော့ အသင်းဟောင်းရတနာပုံနဲ့ ပြန်လည်ပူးပေါင်းဖွယ်ရှိနေတယ်လို့ Fox Sports ကဆိုပါတယ်။ကျော်ကိုကိုကတော့ ၂၀၀၈ ခုနှစ်မှာ ထိုင်းလိဂ်ကလပ်ချင်းရိုင်အသင်းကိုပြောင်းရွှေ့ခဲ့ပြီး ၇ပွဲသာကစားရသေးချိန်မှာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဆာမတ်ပရာကန်အသင်းကို ထပ်မံပြောင်းရွှေ့ခဲ့ရာမှာတော့ ၁၁ ပွဲကစားခွင့်ရပြီး ၅ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သူ့အနေနဲ့ လာမယ့် ၂၀၂၀ မှာ လက်ရွေးစင်အသင်းဖော်ဇော်မင်းထွန်းရှိရာ ဆူခိုထိုင်းအသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေခဲ့ပေမယ့်လည်း အသင်းဖက်က တရားဝင်သတင်းထုတ်ပြန်မထားသေးပါဘူး။ ကျော်ကိုကိုဟာ ရန်ကုန်ယူနိုက်တက်အသင်းနဲ့လည်း စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်တာကြောင့် သူ့အနေနဲ့ ဘယ်အသင်းကိုပြောင်းရွှေ့ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။