myanmar

နေရှင်နယ်လိဂ်ပွဲဦးထွက်မှာ ချင်းယူနိုက်တက်ကို ခက်ခက်ခဲခဲအနိုင်ကစားခဲ့ရတဲ့ ရန်ကုန်ယူနိုက်တက်

Goal Goal > January 13, 2020

၂၀၂၀ ခုနှစ်၊ မြန်မာနေရှင်နယ်လိဂ် ပွဲဦးထွက်ပွဲစဉ်တစ်ပွဲအဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ချင်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ ရန်ကုန်ယူနိုက်တက်က ၂ – ၁ နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ နေရှင်နယ်လိဂ်-၂ ချန်ပီယံအဖြစ်နဲ့ တန်းတက်လာခဲ့တဲ့ ချင်းယူနိုက်တက်ရဲ့ မာကျောတဲ့ကစားပုံကြောင့် ရန်ကုန်ယူနိုက်တက်အသင်း အနည်းငယ်အခက်တွေ့ခဲ့ရပါတယ်။ နှစ်သင်းစလုံး အပြန်အလှန်ထိုးဖောက်ကစားမှုတွေရှိခဲ့တာကြောင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ပွဲချိန် ၂၄ မိနစ်မှာတော့ ရန်ကုန်ယူနိုက်တက်အသင်းက ဦးဆောင်ဂိုးရရှိသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ မောင်မောင်လွင်ဘယ်ခြမ်းကနေ ဂိုးရှေ့ဖြတ်ပို့တာကို သန်းပိုင်က ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။လက်ရွေးစင်ကစားသမားတွေဖြစ်ကြတဲ့ သန်းပိုင်နဲ့မောင်မောင်လွင်၊ နိုင်ငံခြားသားကစားသမားတွေဖြစ်တဲ့ ရှိုရီနဲ့ ဘာဖိုတို့ရဲ့ တွဲလုံးတွေနဲ့ ရန်ကုန်ယူနိုက်တက်အသင်းဟာ ချင်းယူနိုက်တက်ဖက်ကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ဂိုးထပ်မရခဲ့ဘဲ ပထမပိုင်းပြီးခါနီးအချိန်မှာ ကျော်ဝင်းသန်းက ချင်းယူနိုက်တက်အတွက် ချေပဂိုးပြန်လည်သွင်းယူသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဂိုးထပ်ရဖို့လိုအပ်နေတဲ့ ရန်ကုန်ယူနိုက်တက်အသင်းက ကစားသမားအပြောင်းအလဲတွေ ပြုလုပ်သွားခဲ့ပြီး နိုင်ငံခြားသားကစားသမားတွေဖြစ်ကြတဲ့ ရှိုရီနဲ့ဘာဖိုနေရာမှာ ငြိမ်းချမ်းအောင်နဲ့ အီမန်နျူရယ်၊ ကောင်းထက်စိုးနေရာမှာ ရန်ပိုင်စိုးတို့ကို အသီးသီးထည့်သွင်းကစားခဲ့ပါတယ်။ဒါပေမယ့် ချင်းယူနိုက်တက်ရဲ့ မာကျောတဲ့ကစားပုံကြောင့် အနိုင်ဂိုးရဖို့ခက်နေခဲ့ပြီး ပွဲချိန် ၈၃ မိနစ်ရောက်မှသာ ငြိမ်းချမ်းအောင်ကန်တင်ပေးတဲ့ထောင့်ကန်ဘောကို အီမန်နျူရယ်က အပိုင်ခေါင်းတိုက်သွင်းယူသွားခဲ့တာကြောင့် ရန်ကုန်ဖက်က အနိုင်ဂိုးရရှိသွားခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းဟာ အနီးစပ်ဆုံးပွဲစဉ်တစ်ပွဲအဖြစ် လာမယ့် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ဇွဲကပင်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရဖို့ရှိနေပါတယ်။ရန်ကုန်ပွဲထွက်လူစာရင်း
ကျော်ဇင်ထက်
ဇာနည်ထက်၊ ထိုက်ထိုက်အောင်၊ အဘူဘာကာ၊ သိန်းသန်းဝင်း
ကောင်းထက်စိုး(ရန်ပိုင်စိုး)၊ ရှိုရီ(ငြိမ်းချမ်းအောင်)၊ မောင်မောင်ဝင်း၊ မောင်မောင်လွင်
ဘာဖို(အီမန်နျူရယ်)၊ သန်းပိုင်။
Photo: Yangon United Facebook