myanmar

ထိုင်းကလပ်အသင်းမှာ Free-kick တွေ၊ ထောင့်ကန်ဘောတွေ ပင်တိုင်ကန်နေရတဲ့ မြတ်ကောင်းခန့်

Goal Goal > January 14, 2020

အသက် ၁၉ နှစ်အရွယ် မြန်မာလူငယ်ကစားသမားလေးမြတ်ကောင်းခန့်ဟာ ထိုင်းလိဂ် ၂ ကလပ်ချိုင်းနတ်စ်အသင်းမှာ ခြေစွမ်းပြကစားလျက်ရှိနေကြောင်းသိရပါတယ်။ ထိုင်းလိဂ်ရဲ့ရာသီကြိုခြေစမ်းပွဲကာလဖြစ်တာကြောင့် အသင်းအသီးသီးက ချစ်ကြည်ရေးခြေစမ်းပွဲတွေ ယှဉ်ပြိုင်လျက်ရှိနေပါတယ်။ မြတ်ကောင်းခန့်ပါဝင်ကစားလျက်ရှိနေတဲ့ ချိုင်းနတ်စ်အသင်းနဲ့ ယူထိုင်းသာနီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပါတယ်။ ဒီပွဲမှာတော့ မြတ်ကောင်းခန့်ဟာ ထောင့်ကန်ဘောကနေတဆင့် အသင်းအတွက် ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။မြတ်ကောင်းခန့်ဟာ အသင်းအတွက် ခြေစမ်းပွဲ ၂ ပွဲဆက်တိုက် ဂိုးဖန်တီးပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ Free-kick တွေ၊ ထောင့်ကန်ဘောတွေအများစုကို မြတ်ကောင်းခန့်က ပင်တိုင်ကန်နေခဲ့တာလည်းတွေ့ရပါတယ်။ မြန်မာယူ ၂၀ နဲ့ ယူ ၂၃ အသင်းတွေအတွက် စုစုပေါင်း ၄၄ ပွဲပါဝင်ကစားခဲ့ရာမှာ ၁၈ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့အပြင် ဂိုးဖန်တီးမှုတွေများစွာပြုလုပ်ပေးခဲ့သူ မြတ်ကောင်းခန့်ဟာ ပြီးခဲ့တဲ့ဆီးဂိမ်းပြိုင်ပွဲမှာလည်း မြန်မာအသင်းအတွက် အထူးခြေစွမ်းပြကစားခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးအသင်းမှာ ပါဝင်နိုင်ခဲ့ပါတယ်။မြတ်ကောင်းခန့်ဟာ မြန်မာလက်ရွေးစင်အသင်းအတွက်တော့ ၂ ပွဲသာပါဝင်ကစားပေးထားပြီး ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ မြန်မာနေရှင်နယ်လိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိထားခဲ့သူမြတ်ကောင်းခန့်အနေနဲ့ ချိုင်းနတ်စ်အသင်းမှာ အကောင်းဆုံးခြေစွမ်းပြကစားနိုင်မယ့် အလားအလာတွေရှိနေတယ်လို့လည်း မီဒီယာတွေနဲ့ ပရိသတ်တွေက သုံးသပ်ထားကြပါတယ်။ အဆိုပါမျှော်လင့်ချက်တွေကို မြတ်ကောင်းခန့်က ဖြည့်ဆည်းပေးနိုင်မလားဆိုတာကိုတော့ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။