myanmar

ထိုင်းပရီးမီးယားလိဂ်ကို ပြောင်းရွှေ့သွားတဲ့ မြန်မာတိုက်စစ်မှူး အောင်ကောင်းမာန်

Goal Goal > January 17, 2020

ဧရာဝတီယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး အောင်ကောင်းမာန်ဟာ ထိုင်းပရီးမီးယားလိဂ်ကလပ် ထရက် FC အသင်းကို တစ်နှစ်အငှါးစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ကြောင်း သိရပါတယ်။ အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး အောင်ကောင်းမာန်ဟာ မြန်မာ ယူ-၂၃ လက်ရွေးစင်တစ်ယောက်လည်းဖြစ်ပြီး ၁၁ ပွဲ ကစားရာမှာ ၁၁ ဂိုး သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၂အသင်းမှာလည်း အထူးခြေစွမ်းပြ ကစားကာ သွင်းဂိုး ၅ ဂိုးထိ ရယူနိုင်ခဲ့ပါတယ်။ အောင်ကောင်းမာန်ဟာ ထိုင်းလိဂ်ကိုပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ဆက်တိုက်ရှိနေခဲ့ပေမယ့် အခုမှသာ အပြောင်းအရွှေ့ အထမြောက်ခဲ့တာ ဖြစ်ပါတယ်။
သူ့အနေနဲ့ ဧရာဝတီအသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသေးတာကြောင့် အခုလို အငှါးပြောင်းရွှေ့ခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။ ထရက် FC အသင်းကတော့ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီ ထိုင်းပရီးမီးယားလိဂ်မှာ အဆင့် ၁၀ ရရှိထားတဲ့ အသင်းတစ်သင်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဆီးဂိမ်းမှာ အောင်ကောင်းမာန်နဲ့အတူ ခြေစွမ်းပြကစားခဲ့တဲ့ တိုက်စစ်ကစားသမား မြတ်ကောင်းခန့်ကတော့ ထိုင်းလိဂ် ၂ ကလပ်ဖြစ်တဲ့ ချိုင်းနတ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးဖြစ်ပါတယ်။ မြတ်ကောင်းခန့်ဟာ ချိုင်းနတ်အသင်းရဲ့ ခြေစမ်းပွဲတွေမှာ ကွင်းလယ်ဖန်တီးရှင်အဖြစ် ခြေစွမ်းပြကစားလျက်ရှိနေတာလည်း ဖြစ်ပါတယ်။
အောင်ကောင်းမာန်ကတော့ ထိုင်းပရီးမီးယားလိဂ်မှာ မြန်မာကစားသမားတွေဖြစ်တဲ့ ဇော်မင်းထွန်း၊ ကျော်ကိုကိုတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရဖို့ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ ကျော်ကိုကိုနဲ့ ဇော်မင်းထွန်းတို့ကတော့ ထိုင်းပရီးမီးယားလိဂ်ကလပ် ဆူခိုထိုင်းအသင်းမှာ ကစားနေကြတာပါ။ အောင်ကောင်းမာန်အနေနဲ့ ထရက် FC အသင်းအတွက် ခြေစွမ်းပြပြီး ပုံမှန်ပွဲထွက်ခွင့်တစ်နေရာ ပိုင်ဆိုင်နိုင်မလားဆိုတာကတော့ ကျွန်တော်တို့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။