others

ချယ်ဆီးကိုနိုင်ပြီး ယူရိုပါလိဂ်ဗိုလ်စွဲရင် ဘောနပ်စ်ပေါင် ၁၀ သန်းရမယ့် အာဆင်နယ်

Goal Goal > May 22, 2019


ဒီနှစ် ယူရိုပါလိဂ်ဗိုလ်လုပွဲကို မေ ၂၉ ရက်ကြရင် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့မှာ ကစားမှာဖြစ်ပြီး လန်ဒန်အခြေစိုက် အာဆင်နယ်နဲ့ ချယ်ဆီးတို့ အကြိတ်အနယ် ကစားတော့မှာပါ။ နှစ်သင်းစလုံးဟာ ဗိုလ်လုပွဲမှာ အမှားလုံးဝမခံဘဲ ကစားမှာဖြစ်ပြီး ချန်ပီယံဆုဟာ အရေးပါလွန်းနေပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ကနေ ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့ပါဘူး။ ဒါ့ကြောင့် အာဆင်နယ်အတွက် လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က ယူရိုပါလိဂ်ဗိုလ်စွဲမှဖြစ်မှာပါ။ အာဆင်နယ်ကစားသမားတွေ အားလုံးဟာ ယူရိုပါလိဂ်ဖလားရဖို့ အားခဲထားကြပါတယ်။ လန်ဒန်ဒါဘီပွဲဖြစ်တဲ့အပြင် ဖလားလုပွဲလည်း ဖြစ်နေတာကြောင့် ပွဲဟာ ပွဲကြမ်းအသွင်ဆောင်နေပါတယ်။ အာဆင်နယ်ဂိုးသမား ပီတာချက်ဟာ ကစားသမားဘဝက အနားမယူမီ အသင်းဟောင်း ချယ်ဆီးပွဲကို နောက်ဆုံးပါဝင်မှာဖြစ်လို့ အမှတ်တရ ဖြစ်စေမှာပါ။

အာဆင်နယ်အသင်းဟာ ချယ်ဆီးကို အနိုင်ရပြီး ယူရိုပါလိဂ် ချန်ပီယံဆုဖလား ဆွတ်ခူးခဲ့မယ်ဆိုရင် ဘောနပ်စ် ပေါင် ၁၀ သန်းရမှာဖြစ်ကြောင်း ဒေးလီးမေးလ်က ရေးသားခဲ့ပါတယ်။ ဒီလိုမျိုးကစားသမားတွေကို ဘောနပ်စ်ပေးမှာက ဗိုလ်လုပွဲမတိုင်မီ အာဆင်နယ်အသင်းအတွက် အားတစ်ရပ်လို့လည်းဆိုနိုင်ပါတယ်။ အာဆင်နယ်အသင်းဟာ ဥရောပပြိုင်ပွဲမှာ ချန်ပီယံဆုမရတာက နှစ်ပေါင်းတော်တော်ကြာနေပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ၁၉၉၄ ခုနှစ်က Cup Winners Cup ချန်ပီယံဆုဖလားကို ရခဲ့ပြီးနောက် အခုအချိန်ထိ ဥရောပအောင်မြင်မှု ဝေးကွာနေတာဖြစ်ပါတယ်။ အာဆင်နယ်ကစားသမားတစ်ဦးချင်းစီဟာ ယူရိုပါလိဂ် ချန်ပီယံဖြစ်ပြီဆိုတာနဲ့ ပေါင် ၅ သောင်း ပေါင် ၁ သိန်းစီရမှာဖြစ်ကြောင်း ဒေးလီးမေးလ်က ရေးသားခဲ့တာပါ။

အာဆင်နယ်ဟာ ကစားသမားတွေကို မက်လုံးပေးပြီး အခုလိုမျိုး ဘောနပ်စ်ပေးဖို့ စီစဉ်ထားတာပါ။ အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၅သာ ရခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အမ်မရီဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ်ခေါ်ဖို့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ရမှာဖြစ်ကြောင်း သိရပါတယ်။ အာဆင်နယ်နည်းပြ အမ်မရီဟာ ယူရိုပါလိဂ်လာဘ်ရှိတဲ့ နည်းပြတစ်ဦးဖြစ်တာကြောင့် ဒီနှစ်ဗိုလ်လုပွဲက ရင်ခုန်စရာကောင်းနေပါတယ်။ အာဆင်နယ်ဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမတိုင်မီ ကြာသပတေးနေ့ကြရင် လန်ဒန်ကော်နေးမှာ လင့်ဇ်အသင်းနဲ့ တံခါးပိတ်ခြေစမ်းပွဲကစားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။