others

ဆုဖလားတွေ ရပြီးရင်းရနေတဲ့ ပေါ်တူဂီသား ဘာနာဒိုဆေးလ်ဗား

Goal Goal > June 10, 2019


မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားဟာ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ အကောင်းဆုံးခြေစွမ်းပြနေပြီး ဆုဖလားတွေ ရပြီးရင်းရနေပါတယ်။ အသက် ၂၄ နှစ်အရွယ် ဆေးလ်ဗားဟာ ကလပ်အသင်း အောင်မြင်မှုတွေ ရခဲ့ပြီးနောက် အခုဆိုရင် ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ နေးရှင်းလိဂ်ဆု ထပ်ရခဲ့ပါတယ်။ ဆေးလ်ဗားဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆု အက်ဖ်အေဖလား အင်္ဂလန်လိဂ်ဖလားတို့ကို ပိုင်ဆိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်း ဒီရာသီ ဖလား ၃ လုံးပိုင်ဆိုင်ခဲ့ရာမှာ ဆေးလ်ဗားက အဓိကနေရာက ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဆေးလ်ဗားဟာ ရာသီအစက ကွန်မြူနတီဒိုင်း ကိုင်မြှောက်နိုင်ခဲ့ပါသေးတယ်။ သူဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ် ၃၃ ပွဲကစားခဲ့ရာမှာ ၇ ဂိုးသွင်းယူပေးခဲ့ပြီး ပြိုင်ပွဲစုံ ၄၇ ပွဲမှာ ၁၃ ဂိုးသွင်းခဲ့ပါတယ်။ သူဟာ မန်စီးတီးကွင်းလယ်မှာ ထင်ပေါ်အောင်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆေးလ်ဗားဟာ ၂၀၁၇-၁၈ ဘောလုံးရာသီမှာလည်း ခြေစွမ်းပြခဲ့ပြီး ၅၃ ပွဲကစားခဲ့ရာမှာ ၉ ဂိုးသွင်းပေးခဲ့ပါတယ်။

ဆေးလ်ဗားဟာ နယ်သာလန်ကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း ပါဝင်ကစားခဲ့ပါတယ်။ ဆေးလ်ဗားဟာ နေးရှင်းလိဂ်ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဆေးလ်ဗားဟာ ဒီရာသီမှာ ခြေစွမ်းပြခဲ့လို့ မန်စီးတီး တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုလည်း ရခဲ့သူဖြစ်ပါတယ်။ ဆေးလ်ဗားဟာ နေးရှင်းလိဂ်ပြိုင်ပွဲ အကောင်းဆုံးကစားသမားဆုကို ရခဲ့တာကြောင့် ဂုဏ်ယူနေပါတယ်။ သူဟာ မန်စီးတီးကို မပြောင်းခင် မိုနာကိုအသင်းမှာ ကစားခဲ့သူပါ။ ဆေးလ်ဗားဟာ ၂၀၁၃ ခုနှစ်က ကစားသမားဘဝအစကို ဘင်ဖီကာအသင်းမှာ စတင်ခဲ့ပါတယ်။ သူဟာ ကစားသမားဘဝ ၂၈၇ ပွဲ ကစားထားရာမှာ ၅၇ ဂိုးသွင်းထားပါတယ်။ ဆေးလ်ဗားဟာ မန်စီးတီးကစားသမားဘဝပွဲ ၁၀၀ မှာ ၂၂ ဂိုးသွင်းထားသူပါ။

ဆေးလ်ဗားက ´ကျွန်တော်တို့အသင်း အနိုင်ရခဲ့ပြီး ချန်ပီယံဖြစ်ခဲ့လို့ ဂုဏ်ယူမိပါတယ်။ နိုင်ငံအသင်းနဲ့ ကျွန်တော် ပထမဆုံးဆုရခဲ့လို့ ဝမ်းသာပါတယ်။ ပိုပြီးဂုဏ်ယူစရာကောင်းတာက အကောင်းဆုံးကစားသမားဆုကိုပါ ရလိုက်တယ်။ ကျွန်တော့် ခြေစွမ်းကိုလည်း အားရပါတယ်။ ဒီအချိန်မှာ ကျွန်တော် တော်တော်လေးပျော်နေတယ်။ အခုလိုမျိုးဆုရပြီး အဆုံးသတ်နိုင်ခဲ့တာက အံ့အားသင့်စရာပါ။ အခုအချိန်က အေးဆေးအနားယူရမယ့်အချိန်ပါ။ ရာသီသစ်အတွက် ပြင်ဆင်ရမယ်။ ရာသီသစ်မှာ ပိုကောင်းအောင်လည်း ကြိုးစားရမယ်`လို့ ဝမ်းသာအားရ ပြောကြားခဲ့ပါတယ်။