others

မွေထိုင်းချန်ပီယံကို စိန်ခေါ်လိုက်တဲ့ ဒေဝ

Goal Goal > November 10, 2019

မြန်မာပြည်အလွတ်တန်း လက်ဝှေ့ချန်ပီယံ ကနေဒါလက်ဝှေ့သမား ဒေ့ဗ်လက်ဇု(ခ)ဒေဝက မွေထိုင်းချန်ပီယံ ဗြိတိန်လက်ဝှေ့သမား လီ ယန်ဟာရစ်ဆင်ကို သတ္တိရှိရင် ရိုးရာလက်ဝှေ့ကြိုးဝိုင်းထဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စိန် ခေါ်လိုက်ပါတယ်။ အသက် ၃၄ နှစ်အရွယ် လိဒ်စ်မြို့ သား ဟာရစ်ဆင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သူ့ရဲ့facebook အကောင့်ကနေ မြန်မာ့ရိုးရာလက်ဝှေ့နဲ့ပတ်သက်ပြီး အထင်သေးနှိမ့်ချတဲ့ စကားတွေ ပြောကြားခဲ့ပါတယ်။ သူက မြန်မာ့ရိုးရာလက်ဝှေ့ဟာ မွေထိုင်းထက် ပိုမိုခက်ခဲနက်နဲတယ်လို့ ထင်နေကြတဲ့လူတွေရှိပြီး အဲဒီလို တွေးထင်နေကြတဲ့သူတွေဟာ ငပိန်းတွေ၊ ဉာဏ်တိမ်သူတွေသာဖြစ်တယ်လို့ စော်ကားပြောဆိုခဲ့တာပါ။ဒါ့အပြင် ဟာရစ်ဆင်က ခေါင်းတိုက်သတ်ကွက်ကို အသုံးပြုခွင့်ပေးထားတဲ့ ရိုးရာလက်ဝှေ့ကို ကမ္ဘာ့အကြမ်းတမ်းဆုံး ကိုယ်ခံပညာရပ်လို့ သတ်မှတ်ထားတာကို လက်မခံဘဲ မြန်မာ့ရိုးရာလက်ဝှေ့ကို ထိုးမယ်ဆိုရင်တောင် သူ့အနေနဲ့ လေ့ကျင့်ခန်းဆင်းစရာမလိုဘဲ အလွယ်တကူ ထိုးသတ်လို့ရတယ်လို့ ပြောပါတယ်။ ဟာရစ်ဆင်ဟာ မွေထိုင်းကမ္ဘာ့ချန်ပီယံခါးပတ်တွေကို ကြိမ်ဖန်များစွာရရှိထားပြီး မြန်မာပရိ သတ်တွေနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ONE Championship ပြိုင်ပွဲမှာ ၂ ပွဲထိုးသတ်ထားပေမယ့် ၂ ပွဲစလုံး ရှုံးနိမ့်ထားပါတယ်။ ဟာရစ်ဆင်က facebook မှာ မြန်မာ့ရိုးရာလက်ဝှေ့သမားတစ်ယောက်နဲ့ ရိုးရာလက်ဝှေ့စည်းမျဉ်းစည်းကမ်းအတိုင်း ထိုးသတ်လိုတယ်လို့ နှပ်ကြောင်း ပေးထားပြီး WLC ခရူဆာဝိတ်ကမ္ဘာ့ချန်ပီယံ ဒေဝနဲ့ ယှဉ်ပြိုင်ချင်ကြောင်းလည်း မန်းရှင်းခေါ်ထားပါသေးတယ်။
မွေထိုင်းချန်ပီယံရဲ့စိန်ခေါ်မှုကို ကြားသိရပြီးတဲ့နောက် အသက် ၂၇ နှစ်အရွယ် ဒေဝက တကယ်လို့ ဟာရစ်ဆင်သာ မြန်မာ့ရိုးရာလက်ဝှေ့စည်းမျဉ်းစည်းကမ်းအတိုင်း ထိုးမယ်ဆိုရင် သူ့အနေနဲ့ မြန်မာငွေ သိန်း ၁၅၀ နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ကို ရန်ကုန်မြို့ က မိဘမဲ့ကျောင်းအတွက် လှူဒါန်းသွားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အရပ် ၆ ပေ၊ ၂ လက်မရှိတဲ့ ဒေဝက အရပ် ၅ ပေ၊ ၇ လက်မခွဲသာမြင့်တဲ့ ဟာရစ်ဆင်ဟာ သူ ၁၂ နှစ်သားက အရွယ်အစားသာရှိတာကြောင့် ယှဉ်ပြိုင်ဖို့မဖြစ်နိုင်ဘဲ မြန်မာ့ရိုးရာလက်ဝှေ့ညီ အစ်ကိုတွေထဲက တစ်ယောက်ဖြစ်တဲ့ စိုးလင်းဦးနဲ့ ပွဲတည်ပေးချင်တယ်လို့ ဆိုပါတယ်။ ဒေဝဟာ WLC ရဲ့ဒုတိယဥက္ကဋ္ဌအဖြစ်ပါ တာဝန် ယူထားသူဖြစ်ပြီး လက်ရှိမှာတော့ ကမ္ဘာအနှံ့ခြေဆန့်ကာ မြန်မာ့ရိုးရာလက်ဝှေ့နဲ့ပတ်သက်တဲ့ သင်တန်းတွေ၊ ဆွေးနွေးနှီးနှောဖလှယ်ပွဲ တွေ ပြုလုပ်နေပါတယ်။
WLC ဟာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးအကြိမ်အဖြစ် မြန်မာ့ရိုးရာလက်ဝှေ့ပွဲစဉ်တစ်ခုကို ကျင်းပပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။ ဒီပြိုင်ပွဲမှာ ဟာရစ်ဆင်နဲ့ မြန်မာ့ရိုးရာလက်ဝှေ့သမားတစ်ယောက်ကို ပွဲတည်ပေးဖို့ WLC တာဝန် ရှိသူတွေနဲ့ ဆွေးနွေးသွားမယ်လို့ ဒေဝက ဖွင့်ဟခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ မြန်မာ့ရိုးရာလက်ဝှေ့လောကထဲ ဝင်ရောက်လာတဲ့ဒေဝဟာ ၃ နှစ်တာအတွင်း ပြည်တွင်း၊ ပြည်ပ လက်ဝှေ့သမားတွေနဲ့ ၁၁ ပွဲထိုးသတ်ထားရာမှာ ရှုံးပွဲမရှိဘဲ ၅ ပွဲနိုင်၊ ၆ ပွဲသရေကျထားပါတယ်။ ထွန်းထွန်းမင်း၊ ဖိုးကေတို့ကို အနိုင်ရထားတဲ့ဒေဝဟာ ပြီးခဲ့တဲ့ သြဂုတ်လက မန္တလေးမှာကျင်းပတဲ့ WLC-9 ပြိုင်ပွဲမှာ UFC ဖိုက်တာ ဇက် ဘာဇင်စကီးကို ဒုတိယအချီမှာတင် အလဲထိုးအနိုင်ရထားပါတယ်။ လက်အိတ်မစွပ်ဘဲ ဗလာလက်သီးကိုအသုံးပြုတာ၊ အခြား ကိုယ်ခံပ ညာရပ်တွေက ခွင့်ပြုမထားတဲ့ ခေါင်းတိုက်သတ်ကွက်ကိုအသုံးပြုခွင့်ပေးထားတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကို ချစ်မြတ်နိုးလို့ ရိုးရာလက်ဝှေ့ သမားအဖြစ် ခံယူထားတဲ့ ဒေဝဟာ မြန်မာနိုင်ငံကိုမလာခင် ထိုင်းနိုင်ငံမှာ ၃ နှစ်တာနေထိုင်ကာ မွေထိုင်းပြိုင်ပွဲတွေ ဝင်ရောက်ထိုးသတ် ဖူးပါတယ်။ဒေဝက “လီယန်ရေ မင်းပါးစပ်ကပြောတဲ့အတိုင်း မင်းပိုက်ဆံကို လောင်းကြေးထပ်လိုက်။ မွေထိုင်းပွဲ ထိုးတာကနေ ဒီလောက်ပိုက်ဆံမရ ဘူးဆိုတာ ငါသိတယ်။ မင်းခန္ဓာကိုယ်အရွယ်အစားက ငါ ၁၂ နှစ်သားအရွယ်လောက်ကအတိုင်းပဲရှိနေလို့ ငါနဲ့ထိုးလို့မရဘူးကွ။ အဲဒီ တော့ ငါ့ရဲ့မြန်မာ့ရိုးရာလက်ဝှေ့ညီအစ်ကိုတွေထဲက တစ်ယောက်နဲ့တော့ ထိုးခွင့်ပေးရမှာပေါ့ကွာ။ စိုးလင်းဦးနဲ့ဆိုရင် ကောင်းမယ်လို့ ငါ ထင်တယ်။ မင်းသာ မြန်မာ့ရိုးရာလက်ဝှေ့ပွဲထိုးမယ်ဆိုရင် ငါက အမေရိကန်ဒေါ်လာ ၁၀၀၀၀ ကို ရန်ကုန်က မိဘမဲ့ကလေးကျောင်းကို လှူဒါန်းသွားမယ်။ ဘယ်လိုလဲ လီယန်လေးရေ… သတ္တိရှိရင် လုပ်လိုက်လေ” လို့ ပြန်လည်စိန်ခေါ်လိုက်တာဖြစ်ပါတယ်။