ဘိုရီဆော့ဗ်နဲ့ ယူရိုပါလိဂ်ပွဲကို ဟာဇက်နဲ့ ဂျော်ဂျင်ဟိုလွဲမယ်လို့ ချယ်ဆီးနည်းပြ ဆာရီပြောကြား

Goal Goal > October 25, 2018

ချယ်ဆီးနည်းပြဆာရီက အဓိက ကစားသမားနှစ်ဦးဖြစ်တဲ့ အီဒင်ဟာဇက်နဲ့ ဂျော်ဂျင်ဟိုတို့ဟာ ဒီနေ့ညကစားမယ့်ဘိုရီဆော့ဗ်နဲ့ ယူရိုပါလိဂ်ပွဲကို လွဲချော်မယ်လို့ ပရိသတ်တွေကို အသိပေးပြောကြားခဲ့ပါတယ်။

ချယ်ဆီးဟာ ယူရိုပါလိဂ် အုပ်စု L မှာ ပီအေအိုကေ ဘိုရီဆော့ဗ် ဗီဒီအသင်းတို့နဲ့ တစ်အုပ်စုတည်းပါဝင်ခဲ့ပြီး အုပ်စု ၂ ပွဲစလုံး အနိုင်ရခဲ့လို့ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ဒီရာသီမှာ ချယ်ဆီးအတွက် ခြေစွမ်းအားကောင်းကောင်းနဲ့ကစားနေတဲ့ ဟာဇက်ဟာ မန်ယူနဲ့ပွဲမှာ မိနစ် ၉၀ ပြည့်ပါဝင်ကစားခဲ့ပြီး နောက်ကျောဒဏ်ရာ ရခဲ့လို့ ဘိုရီဆော့ဗ်နဲ့ ပွဲကိုလွဲမှာဖြစ်ပါတယ်။ ဟာဇက်ဟာ ဘိုရီဆော့ဗ်နဲ့ ပွဲအပြင် ဘန်လေနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာလည်း ပါဝင်ကစားဖို့ မသေချာပါဘူး။

နည်းပြဆာရီက “ ဟာဇက်ပါမှာ မဟုတ်ဘူး။တနင်္ဂနွေကစားမယ့်ပွဲမှာ သူပါဝင်နိုင်ဖို့ အဖြေရှာကြိုးစားရဦးမှာပါ။ဒါပေမယ့် ထင်သလောက်မလွယ်ဘူး” လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ နည်းပြဆာရီဟာ အီတလီကွင်းလယ်လူ ဂျော်ဂျင်ဟိုကိုတော့ ပွဲဆက်များနေလို့ ကြံ့ခိုင်မှု အခြေအနေအရ အနားပေးသွားမယ်လို့ ဆိုခဲ့ပါတယ်။ဂျော်ဂျင်ဟိုဟာ ဒီရာသီ ၁၁ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုးသွင်းပေးထားပါတယ်။ ချယ်ဆီးဟာ ဘန်လေနဲ့ပွဲပြီးရင် ဒါဘီနဲ့ လိဂ်ဖလားပွဲကစားရမှာပါ။ ချယ်ဆီးနည်းပြဆာရီဟာ ဂျုဗင်တပ်စ်နောက်ခံလူ ရူဂါနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။

ဂျုဗင်တပ်စ်ဟာ ရူဂါနီကို မရောင်းချဖို့ စဉ်းစားထားပေမယ့် စိတ်ကူးပြောင်းဖို့ ရှိနေပါတယ်။ ဒါ့အပြင် ချယ်ဆီးဟာ ဘရာဇီးသား ဝီလျံရဲ့ နေရာမှာ အစားထိုးဖို့ ပီအက်စ်ဗွီတောင်ပံကစားသမား လိုဇာနိုကို စိတ်ဝင်စားနေတယ်လို့ အီတလီမီဒီယာ ကယ်လ်ဆီယိုမာကာတိုက ဖော်ပြခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဝီလျံဟာ ချယ်ဆီးအတွက် အကောင်းဆုံးခြေစွမ်းပြနေပြီး သူ့ကို ဘာစီလိုနာ အင်တာမီလန် ဘိုင်ယန်မြုးနစ်နဲ့မန်ယူတို့က စိတ်ဝင်စားနေပါတယ်။ ဥရောပအသင်းကြီးတွေအနက် ဘာစီလိုနာကတော့ ဝီလျံကို ခေါ်နိုင်ဖို့ အခြားအသင်းတွေထက် နှာတစ်ဖျားသာနေပါတယ်။