serie a

မန်ယူတောင်ပံတိုက်စစ်မှူး ဆန်းချက်ဇ်ကို တစ်ရာသီ အငှားခေါ်ယူဖို့ ရိုးမားအသင်း ကြံ

Goal Goal > August 10, 2019

ရောမအခြေစိုက် ရိုးမားအသင်းဟာ တိုက်စစ်အတွက် မန်ယူက ချီလီတောင်ပံတိုက်စစ်မှူးဖြစ်တဲ့ ဆန်းချက်ဇ်ကို တစ်ရာသီ အငှားခေါ်ဖို့ စိတ်ဝင်စားနေကြောင်း မက်ထရိုက ရေးသားခဲ့ပါတယ်။ အသက် ၃၀ အရွယ် တိုက်စစ်မှူး ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းမှာ လုပ်တိုင်းဖြစ်ခဲ့ပေမယ့် မန်ယူအသင်းမှာ အကောင်းဆုံး ခြေစွမ်းပြကစားတာမျိုး မရှိပါဘူး။ သူဟာ မန်ယူအသင်းကို ၂၀၁၇ ခုနှစ်က ပြောင်းလာခဲ့ပြီး ပြိုင်ပွဲစုံ ၄၅ ပွဲ ကစားပြီးချိန် သွင်းဂိုးက ၁၀ ဂိုးတောင် မပြည့်ပါဘူး။ ဆန်းချက်ဇ်ဟာ မန်ယူအတွက် ၂၀၁၇-၁၈ ရာသီက ၃ ဂိုး သွင်းယူကာ ၂၀၁၈-၁၉ ရာသီက ၂ ဂိုးသာ သွင်းခဲ့ပါတယ်။ သူဟာ မန်ယူကိုယ်စားပြုပြီး ပရီးမီးယားလိဂ် ၃ ဂိုးသာ သွင်းထားသူ ဖြစ်ပါတယ်။ မန်ယူအသင်းပရိသတ်တွေဟာ ဆန်းချက်ဇ်ကို အမျှော်လင့်ကြီး မျှော်လင့်ထားပေမယ့် ချီလီသားက ခြေစွမ်းမပြနိုင်တာပါ။

ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းအတွက်တော့ ၄ ရာသီအတွင်း ၁၆၆ ပွဲမှာ ဂိုး ၈၀ သွင်းခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ဆန်းချက်ဇ်ရဲ့ မန်ယူအသင်း အနာဂတ်က သေချာမှု မရှိပါဘူး။ မန်ယူနည်းပြ ဆိုးလ်ရှားကတော့ ဆန်းချက်ဇ်တစ်ယောက် အသင်းမှာ ဆက်နေမယ်လို့ မျှော်လင့်ထားပါတယ်။ တယ်လီဂရပ်ရဲ့ အဆိုအရ ရိုးမာအသင်းဟာ ဆန်းချက်ဇ်ကို ခေါ်ယူစာချုပ်နိုင်ဖို့အတွက် မန်ယူအသင်းနဲ့ ဆွေးနွေးမှာဖြစ်ကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ဟာ သြဂုတ် ၈ ရက်က ပိတ်သိမ်းသွားပေမယ့် စီးရီးအေဟာ လာမယ့် စက်တင်ဘာ ၂ ရက်အထိ ကစားသမား ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆန်းချက်ဇ်အပြောင်းအရွှေ့က ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဆန်းချက်ဇ်ဟာ ကိုပါအမေရိကဖလားပြိုင်ပွဲ ကစားခဲ့ရတာကြောင့် မန်ယူအသင်းထံ အပြန်နောက်ကျခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ ကြံ့ခိုင်မှုအခြေအနေကြောင့် ချယ်ဆီးပွဲမှာ ဝင်ကစားဖို့ ဖြစ်နိုင်ခြေနည်းပါတယ်။ ဆန်းချက်ဇ်ဟာ စီးရီးအေပြိုင်ပွဲနဲ့ စိမ်းတဲ့ကစားသမား မဟုတ်ပါဘူး။ သူဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ အူဒီးနီးစ်အသင်းမှာ ကစားကာ နာမည်ရလာသူပါ။ ဆန်းချက်ဇ်ဟာ အူဒီနီးစ်ကစားသမားဘဝ ၁၁၂ ပွဲမှာ ၂၁ ဂိုး သွင်းပေးခဲ့သူပါ။ မန်ယူနည်းပြဆိုးလ်ရှားဟာ ရာသီသစ်မှာ တိုက်စစ်မှူးရက်ဖို့ဒ်ကို ဦးစားပေးတိုက်စစ်မှူးအဖြစ် သုံးမှာပါ။