serie a

အင်တာကိုပြောင်းခဲ့တဲ့ လူကာကူအကြောင်း ပြောကြားလိုက်တဲ့ အီဒင်ဟာဇက်

Goal Goal > August 11, 2019

ပရီးမီးယားလိဂ် ထိတ်ထိတ်ကြဲတိုက်စစ်မှူးတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူဟာ ခန့်မှန်းသတင်းတွေအတိုင်း မန်ယူကနေ စီးရီးအေကလပ် အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့ပြီး အီတလီမှာ အခြေချတော့မှာပါ။ အင်တာမီလန်အသင်းဟာ နွေဈေးကွက်မှာ လူကာကူကို အဓိကပစ်မှတ်ထားပြီး ပြောင်းရွှေ့ကြေး ပေါင် ၇၄ သန်းပေးကာ ခေါ်ယူခဲ့တာပါ။ လူကာကူဟာ မန်ယူကစားသမားဘဝ ပထမရာသီက ခြေစွမ်းပြကာ ဂိုးတွေသွင်းပေးခဲ့ပေမယ့် ၂၀၁၈-၁၉ ရာသီမှာ နေရာရဖို့ ရုန်းကန်ခဲ့ရပါတယ်။ သူဟာ ၂၀၁၈-၁၉ ရာသီက ပရီးမီးယားလိဂ် ၁၂ ဂိုးသာ သွင်းယူနိုင်ကာ ပြိုင်ပွဲစုံ ၁၅ ဂိုးသာသွင်းခဲ့တာပါ။ စီးရီးအေမှာကစားချင်တဲ့ လူကာကူဟာ သူ့ဆန္ဒတွေ ပြည့်ဝလာပြီဖြစ်ပါတယ်။ လူကာကူ အပြောင်းအရွှေ့နဲ့ပတ်သတ်လို့ အကောင်းမြင်သူတွေရှိသလို အဆိုးမြင်သူတွေလည်း ရှိခဲ့ပါတယ်။ လူကာကူလိုပဲ ဒီနွေမှာ အသင်းပြောင်းခဲ့တဲ့ ကစားသမားက ဘယ်လ်ဂျီယံသားပဲဖြစ်တဲ့ အီဒင်ဟာဇက်ဖြစ်ပါတယ်။ တောင်ပံတိုက်စစ်ကစားသမား ဟာဇက်ကတော့ သူ့တစ်နိုင်ငံတည်းကစားဖော် လူကာကူ အသင်းပြောင်းခဲ့တာနဲ့ပတ်သတ်လို့ အကောင်းမြင်ထားပါတယ်။ ဟာဇက်က အီတလီမီဒီယာတစ်ခုနဲ့ တွေ့ဆုံရာမှာ လူကာကူအကြောင်း ပြောကြားလာပါတယ်။ဟာဇက်က ´လူကာကူဟာ နှစ်လိုစရာကောင်းတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ သူဟာ ပွဲတစ်ပွဲရဲ့ အခြေအနေအရပ်ရပ်အပေါ်မှာ ဘယ်လိုမျိုးအထိုင်ကျအောင် ကစားရမလဲဆိုတာကို နားလည်တဲ့ ဗုံးကြဲလေယာဉ်ပျံပါ။ အသင်းတစ်သင်းမှာ သူနဲ့ ဘယ်သူမဆို တွဲကစားပါစေ ပိုကောင်းလာဖို့ပဲရှိပါတယ်`လို့ ကော်ရယ်ရီဒယ်လာဆာရာနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။ လူကာကူဟာ ကစားသမားဘဝ ၄၁၃ ပွဲမှာ ၁၈၇ ဂိုး သွင်းပေးထားပါတယ်။ သူဟာ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းရဲ့ အဓိကတိုက်စစ်မှူးလည်းဖြစ်ပြီး စုစုပေါင်း ၈၁ ပွဲကစားထားရာမှာ ၄၈ ဂိုး သွင်းပေးထားပါတယ်။အင်တာမီလန်နည်းပြ ကွန်တီကလည်း လူကာကူကို ခေါ်နိုင်ခဲ့တာဟာ အင်တာမီလန်အတွက် တကယ်ကောင်းမွန်တဲ့ ကစားသမားခေါ်ယူမှုတစ်ခုဖြစ်ကြောင်း ပြောကြားထားပါတယ်။ ကွန်တီက ´အသင်းအတွက် တကယ်ကောင်းတဲ့ ကစားသမားခေါ်ယူမှုပါ။ လူကာကူကိုရလိုက်လို့ ကျွန်တော်တို့ ပျော်ပါတယ်။ သူဟာ အင်တာအတွက် စိတ်ဆန္ဒပြင်းပြတယ်ဆိုတာကိုလည်း ပြသနေတယ်`လို့ပြောကြားခဲ့ပါတယ်။