serie a

အလွတ်ဖြစ်နေတဲ့ ဘာလော့တယ်လီနဲ့ ဖရန့်ရီဘာရီကိုလိုက်မယ့် ဖီအိုရင်တီးနား

Goal Goal > August 12, 2019

ဖလောရင့်အခြေစိုက် ဖီအိုရင်တီးနားဟာ အလွတ်ခေါ်ယူလို့ရတဲ့ အီတလီတိုက်စစ်မှူး ဘာလော့တယ်လီနဲ့ ပြင်သစ်တောင်ပံတိုက်စစ်မှူးဟောင်း ဖရန့်ရီဘာရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူး ဘာလော့တယ်လီဟာ ကစားသမားဘဝ အနိမ့်အမြင့် အတက်အကျတွေ များခဲ့သူပါ။ ဘာလော့တယ်လီဟာ ဥရောပ ထိပ်တန်းအသင်းကောင်းတွေမှာလည်း ကစားခဲ့ဖူးပါတယ်။ သူဟာ နိုက်စ်အသင်းမှာ ပါဝင်ကစားခဲ့ပြီးနောက် အသင်းနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့ရတာကြောင့် မာဆေးလ်အသင်းကို ပြန်ပြောင်းခဲ့ရပါတယ်။ ဘာလော့တယ်လီဟာ ၂၀၁၈-၁၉ ဘောလုံးရာသီ ကုန်ဆုံးချိန် မာဆေးလ်နဲ့ လမ်းခွဲခဲ့ပါတယ်။

ဘာလော့တယ်လီကို ဖလာမင်ဂိအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အချိန် ဖီအိုရင်တီးနားကပါ စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ ဘာလော့တယ်လီဟာ စီးရီးအေပြိုင်ပွဲနဲ့ ရင်းနှီးပြီးသား တိုက်စစ်မှူးတစ်ဦး ဖြစ်ပါတယ်။ သူဟာ မီလန်အခြေစိုက် အေစီမီလန်နဲ့ အင်တာမီလန်အသင်းမှာ ပါဝင်ကစားခဲ့ဖူးပါတယ်။ ဘာလော့တယ်လီဟာ မီလန်နှစ်သင်းကိုယ်စားပြုကာ စီးရီးအေ ၁၂၂ ပွဲ ကစားခဲ့ရာမှာ ၄၇ ဂိုးသွင်းခဲ့သူ ဖြစ်ပါတယ်။ အီတလီတိုက်စစ်မှူးရဲ့ လုပ်ခလစာက ကြီးမြင့်နေလို့ အခက်အခဲရှိနိုင်ပေမယ့်လည်း ဖီအိုရင်တီးနားဟာ ခေါ်ယူဖို့ ကြိုးစားမှာဖြစ်ကြောင်း ကော်ရယ်ရီဒယ်လိုစပို့စ်က ရေးသားခဲ့ပါတယ်။ ဖီအိုရင်တီးနားဟာ ဘာလော့တယ်လီအပြင် ပြင်သစ်တောင်ပံတိုက်စစ်မှူးဟောင်း ရီဘာရီကိုလည်း ခေါ်ယူဖို့ စိတ်အားထက်သန်နေကြောင်း သိရပါတယ်။

အသက် ၃၆ နှစ်အရွယ် ရီဘာရီဟာ ဘိုင်ယန်မြူးနစ်မှာ ကာလရှည်ကြာစွာ ကစားနေပြီး အောင်မြင်မှုများစွာရခဲ့သူပါ။ ရီဘာရီဟာ ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲပြီးဖြစ်တာကြောင့် အသင်းပြောင်းခွင့် ရထားပါတယ်။ ရီဘာရီကို ခေါ်ယူဖို့အတွက် နယ်သာလန်၊ ရုရှားနဲ့ ဆော်ဒီအာရေဗျကလပ်တွေက စိတ်ဝင်စားနေပါတယ်။ ဒါပေမဲ့ ရီဘာရီဟာ အဲဒီကလပ်တွေရဲ့ ကမ်းလှမ်းမှုကို ပယ်ချထားပါတယ်။ ဖီအိုရင်တီးနားဟာ ဂျူဗင်တပ်စ်ကို ပြန်သွားတဲ့ ပီဂျာကာနေရာ ဖြည့်ဖို့အတွက် ကစားသမား ခေါ်ရမှာပါ။ ရီဘာရီဟာ ဘွန်ဒက်စ်လီဂါဖလား ၉ ကြိမ်ရပြီး ဘိုင်ယန်အတွက် ၄၂၅ ပွဲ ကစားခဲ့ရာမှာ ၁၂၄ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၈၂ ကြိမ် ပြုလုပ်ထားပါတယ်။