serie a

မန်ယူနဲ့ ဘိုင်ယန်ကြိုက်တဲ့ စပိန်သားကို ဖြတ်ခုတ်ဖို့ ကြံနေတဲ့ အေစီမီလန်

Goal Goal > August 13, 2019

မီလန်အခြေစိုက် အေစီမီလန်အသင်းဟာ မန်ယူနဲ့ ဘိုင်ယန်မြူးနစ်တို့ ခေါ်ချင်နေတဲ့ စပိန်သား ဒါနီအော်လ်မိုကို ဖြတ်ခုတ်ဖို့ကြံနေပြီး ယူရိုသန်း ၃၀ ပေးကာ ခေါ်ယူဖို့ စီစဉ်နေကြောင်း အီတလီသတင်းတွေက ရေးသားခဲ့ပါတယ်။ ဒါနီအော်လ်မိုဟာ ဘာစီလိုနာလူငယ်ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး အခုလက်ရှိ ဒိုင်နမိုဇာဂရက်အသင်းမှာ ပါဝင်ကစားနေပါတယ်။ အော်လ်မိုဟာ ၂၀၁၄ ခုနှစ်၊ ဇူလိုင်က ဒိုင်နမိုဇာဂရက်(ခ) အသင်းအတွက် ကစားပေးခဲ့ရပါတယ်။ ခြေစွမ်းကောင်းတဲ့ တိုက်စစ်အားသန် ကွင်းလယ်လူ အော်လ်မိုဟာ ဒိုင်နမိုဇာဂရက်အသင်းကြီးမှာ နေရာရလာခဲ့ပါတယ်။

သူဟာ ၂၀၁၆-၁၇ ရာသီက အသင်းကြီးအတွက် ကစားခွင့်ရလာခဲ့သူပါ။ အော်လ်မိုဟာ ခြေစွမ်းကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်မှန်း ဒိုင်နမိုမှာ ကစားရင်း သက်သေပြနိုင်ခဲ့ပါတယ်။ မန်ယူနဲ့ ဘိုင်ယန်ဟာ သူတို့စိတ်ဝင်စားတဲ့ အော်လ်မိုကို လက်ရှိနွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ မန်ယူအသင်းဟာ အော်လ်မိုကို ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းပေးကာ ကမ်းလှမ်းခဲ့ပေမယ့် ဒိုင်နမိုဇာဂရက်က ပယ်ချခဲ့ပါတယ်။ ဘိုင်ယန်ဟာ အော်လ်မိုကို ပြောင်းရွှေ့ကြေး ယူရို ၂၈ သန်းနဲ့ ကမ်းလှမ်းခဲ့တာကိုလည်း ဒိုင်နမိုဇာဂရက်က အလားတူ ပယ်ချခဲ့တာပါ။ အသက် ၂၁ နှစ်သာ ရှိသေးပေမယ့် ခြေစွမ်းကောင်း ပိုင်ဆိုင်ထားပါတယ်။

သူဟာ ဒိုင်နမိုဇာဂရက်အသင်းအတွက် စုစုပေါင်း ၁၀၅ ပွဲ ကစားထားပြီး ၂၉ ဂိုး သွင်းယူကာ ကစားဖော်တွေအတွက် ဂိုးဖန်တီးမှု ၂၃ ကြိမ် ပြုလုပ်ပေးထားသူပါ။ ဒိုင်နမိုဇာဂရက်အသင်းဟာ သူတို့ရဲ့အဓိကကစားသမားအတွက် ပြောင်းရွှေ့ကြေး ပိုလိုချင်နေပါတယ်။ ကော်ရယ်ရီဒယ်လိုစပို့စ်ရဲ့ ဖော်ပြချက်အရ အေစီမီလန်ဟာ အော်လ်မိုကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ နဲ့ ကမ်းလှမ်းတော့မှာပါ။ အော်လ်မိုဟာ ကစားသမားဘဝ ဒိုင်နမိုဇာဂရက်တစ်သင်းတည်းမှာသာ ကစားနေပြီး ပွဲ ၁၃၀ ကစားထားရာမှာ ၃၂ ဂိုးသွင်းပေးထားပါတယ်။