serie a

အင်တာမီလန်ကို သူပြောင်းခဲ့တာက လူကာကူကြောင့် အများကြီးပါတယ်လို့ ထုတ်ပြောလိုက်တဲ့ ဆန်းချက်ဇ်

Goal Goal > September 5, 2019

အင်တာမီလန်အသင်းကို အငှားပြောင်းလာခဲ့တဲ့ ချီလီတောင်ပံတိုက်စစ်မှူး ဆန်းချက်ဇ်က သူ့အနေနဲ့ အင်တာမီလန်ကို ရောက်ခဲ့တာက မန်ယူကစားဖော်ဟောင်း လူကာကူကြောင့် အများကြီးပါတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်ခြင်းလုံးဝမရှိဘဲ အပြောင်းအရွေှ့ဈေးကွက်မပိတ်မီ သူကစားခဲ့ဖူးတဲ့ စီးရီးအေကို ပြန်ရောက်လာတာဖြစ်ပါတယ်။ သူဟာ စီးရီးအေကလပ် အူဒီးနီးစ်အသင်းမှာ ကစားခဲ့ဖူးပြီး ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။အင်တာမီလန်ဟာ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကိုပေါင် ၇၄ သန်းနဲ့ ခေါ်ယူခဲ့တဲ့အပြင် ဆန်းချက်ဇ်ကိုလည်း အငှားခေါ်နိုင်ခဲ့တာပါ။ ဆန်းချက်ဇ်ဟာ မန်ယူကစားသမားဘဝ ၄၅ ပွဲကစားခဲ့ရာမှာ ၅ ဂိုးသာသွင်းနိုင်ခဲ့ပါတယ်။ အခုဆိုရင် ဆန်းချက်ဇ်ဟာ အင်တာမီလန်အသင်းမှာကစားရင်း အကောင်းဆုံးခြေစွမ်းပြဖို့ မျှော်လင့်နေပါတယ်။ အင်တာမီလန်အသင်းမှာ လူကာကူရှိနေတာက သူအသင်းပြောင်းဖို့အတွက် ယုံကြည်မှုပိုရှိစေတယ်လို့ ဆန်းချက်ဇ်က ပြောပါတယ်။ဆန်းချက်ဇ်က ´အီတလီဘောလုံးလောကကို ပြန်ရောက်လာခဲ့တဲ့အတွက် ကျွန်တော်ပျော်ရွင်မိပါတယ်။ အင်တာမီလန်အသင်းအတွက် ပရိသတ်တွေအတွက် ကျွန်တော်အကောင်းဆုံးကစားသွားမှာပါ။ အင်တာမီလန်အသင်းဟာ စကူဒက်တိုချန်ပီယံဆုမရတာ ၈ နှစ်လောက်ရှိပါပြီ။ လက်ရှိအချိန်မှာတော့ ချန်ပီယံပြန်ဖြစ်ဖို့ အစွမ်းကုန်ကြိုးစားရမယ်။ ကစားသမားစုဖွဲ့မှုက ငယ်ရွယ်တယ်။ အင်အားတောင့်တင်းပါတယ်။ နည်းပြကွန်တီကလည်း အောင်နိုင်ရေးစိတ်ဓာတ်ရှိတဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။ လူကာကူဟာဆိုရင် အင်တာမီလန်အသင်းမှာ ပျော်နေပါပြီ။ ကျွန်တော် ဒီပြောင်းလာတာက သူ့ကြောင့်လည်းအများကြီးပါတယ်`လို့ပြောပါတယ်။ လူကာကူနဲ့ ဆန်းချက်ဇ်တို့အကြား အပြန်အလှန်ဖုန်းဆက်သွယ်မှုတွေလည်း ရှိခဲ့ပါတယ်။ လူကာကူဟာ အင်တာမီလန်အသင်းအတွက် စီးရီးအေ ၂ ပွဲကစားထားရာမှာ ၂ ဂိုးသွင်းပေးထားပါတယ်။