serie a

၂၀၂၀ ပြည့်နှစ်မှာ မန်ယူကစားသမား ၃ ဦးကို ခေါ်ဖို့ အစီအစဉ် ဆွဲထားပြီးဖြစ်တဲ့ ဂျူဗင်တပ်စ်

Goal Goal > September 5, 2019

စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းဟာ လာမယ့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်ကျရင် မန်ယူကစားသမား ၃ ဦးကိုခေါ်ဖို့ အစီအစဉ်ဆွဲထားပြီးဖြစ်ကြောင်း အီတလီသတင်းတွေက ရေးသားခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားကောင်းတွေကို ခေါ်ယူနိုင်ခဲ့ပြီး လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာလည်း ကစားသမားသစ်တွေ ခေါ်ယူဦးမှာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်း ခေါ်ယူဖို့ စီစဉ်ထားပြီးဖြစ်တဲ့ မန်ယူကစားသမား ၃ ဦးကတော့ စပိန်ဂိုးသမား ဒီဂီယာ၊ နောက်ခံလူ ဘိုင်လေနဲ့ ဆားဘီးယားကွင်းလယ်လူ မာတစ်တို့ ဖြစ်ကြပါတယ်။

ဂိုးသမား ဒီဂီယာဟာ မန်ယူအသင်းမှာ ကာလရှည်ကြာစွာ ပါဝင်ကစားနေသူ ဖြစ်ပါတယ်။ ဒီဂီယာဟာ မန်ယူအသင်းကနေ အသင်းပြောင်းမယ်လို့ မကြာခဏ သတင်းထွက်ခဲ့သူ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကလည်း ဒီဂီယာကို စိတ်ဝင်စားခဲ့ပါသေးတယ်။ ဒီဂီယာရဲ့ မန်ယူအသင်းအနာဂတ်ဟာ သေချာမှုမရှိတာတော့ အမှန်ပါ။ ဂျူဗင်တပ်စ်ဟာ ဂိုးသမားနေရာအတွက် ဒီဂီယာကို ပစ်မှတ်ထားနေပြီ ဖြစ်ပါတယ်။ ဒီဂီယာဟာ မန်ယူအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခြင်းမရှိသေးပါဘူး။

ဂျူဗင်တပ်စ်ဟာ နောက်ခံလူ ဘိုင်လေကိုလည်း ပစ်မှတ်ထားထားပါတယ်။ ဘိုင်လေဟာ လက်ရှိအချိန်မှာတော့ ဒဏ်ရာပြင်းထန်စွာရခဲ့လို့ အနားယူနေရပါတယ်။

ချယ်ဆီးကစားသမားဟောင်း မာတစ်ဟာ နည်းပြဆိုးလ်ရှားလက်အောက် ဒီရာသီမှာ နေရာရဖို့ ရုန်းကန်နေရပါတယ်။ မန်ယူနည်းပြဆိုးလ်ရှားဟာ မာတစ်ထက် ကွင်းလယ်မှာ မတ်တွန်မီနေးကို သုံးနေပါတယ်။ ဒေးလီးမေးလ်ရဲ့အဆိုအရ မန်ယူဟာ လာမယ့်နွေမှာ ကစားသမား ၃ ဦးကို ရောင်းချဖို့ ဖြစ်ကောင်းဖြစ်နိုင်ပြီး ဂျူဗင်တပ်စ်အသင်းက အသင့်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။