serie a

ဂိုးသွင်းစံချိန်တွေ တင်ပြီးရင်းတင်ရင်းဖြစ်နေတဲ့ ဒိုလေး

Goal Goal > January 20, 2020

ဂျူဗင်တပ်စ်က ပါးမားကို ၂ – ၁ နဲ့အနိုင်ရတဲ့ပွဲမှာတော့ ၂ ဂိုးစလုံးကို ရော်နယ်ဒိုက သွင်းယူပေးခဲ့ပါတယ်။ ဒီနှစ်ရာသီအစမှာ ဂိုးသွင်းနှုန်းသိသိသာသာကျဆင်းသွားခဲ့သူရော်နယ်ဒိုဟာ နောက်ပိုင်းပွဲစဉ်တွေမှာတော့ ဂိုးတွေဆက်တိုက်သွင်းယူလာခဲ့တာတွေ့ရပါတယ်။  ရော်နယ်ဒိုဟာ ဂျူဗီအတွက် စီးရီးအေနောက်ဆုံးရပွဲဆက် ဂိုးသွင်းပေးနိုင်ခဲ့သလို သူ့ရဲ့ဒီရာသီ စီးရီးအေသွင်းဂိုးက ၁၆ ဂိုးထိရှိလာခဲ့ပြီဖြစ်ပါတယ်။ စီးရီးအေဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာတော့ ရော်နယ်ဒိုဟာ ဒုတိယနေရာထိရောက်ရှိလာခဲ့ပါတယ်။ ထိပ်ဆုံးမှာဦးဆောင်နေတာကတော့ လာဇီယိုတိုက်စစ်မှူးအင်မိုဘိုင်းလ်(၂၃ ဂိုး)ဖြစ်ပါတယ်။ဒါ့အပြင် ရော်နယ်ဒိုဟာ ဥရောပထိပ်တန်းလိဂ်တွေမှာ နောက်ဆုံး ၁၄ နှစ်ဆက်တိုက် သွင်းဂိုး ၁၅ ဂိုးနဲ့အထက် ရရှိခဲ့တဲ့ စံချိန်မှတ်တမ်းတစ်ခုကိုလည်း တင်ရှိနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာ ဂျူဗင်တပ်စ်အတွက် စီးရီးအေသွင်းဂိုး ၂၁ ဂိုးရရှိခဲ့သူရော်နယ်ဒိုဟာ ဒီရာသီမှာတော့ ရာသီဝက်ကာလအလွန်မှာပဲ ၁၆ ဂိုးထိသွင်းယူထားနိုင်ခဲ့ပြီဖြစ်တာကြေင့် မနှစ်ကဂိုးသွင်းစံချိန်ကို ချိုးဖျက်သွားဖွယ်ရာရှိနေပါတယ်။ ရော်နယ်ဒို-ဒိုင်ဘာလာတိုက်စစ်အတွဲဟာ အသင်းကို အများကြီးအကျိုးပြုဦးမှာဖြစ်သလို ဟီဂူအင်ကိုလည်းမမေ့သင့်ကြောင်း နည်းပြဆာရီကဆိုပါတယ်။“ဒိုင်ဘာလာဟာ ဒီနှစ်ဘောလုံးရာသီမှာ အကောင်းဆုံးခြေစွမ်းပြကစားနေပါတယ်။ အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားပုံ၊ တစ်ကိုယ်တော်ထိုးဖောက်ပုံ အားလုံးက အပြစ်ပြောစရာမရှိပါဘူး။ ဒိုင်ဘာလာနဲ့ ရော်နယ်ဒိုတွဲကစားလို့မရဘူးလို့ တချို့က ပြောနေကြတာရှိပါတယ်။ ကျွန်တော့်အမြင်တော့ ဘာပြဿနာမှမရှိပါဘူး။ဒိုင်ဘာလာက ခြေစွမ်းတွေပြနေသလို ရော်နယ်ဒိုကလည်း ဂိုးတွေရနေတာပဲမဟုတ်လား။ အလားတူပဲ သူတို့နှစ်ယောက်ဟာ ဟီဂူအင်နဲ့လည်း အကောင်းဆုံးတွဲကစားနိုင်သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ခြေစွမ်းက အသင်းရဲ့တိုက်စစ်ပိုင်းအတွက် အများကြီးအရေးပါပါတယ်။ သူတို့အသင်းကို ခုထက်အများကြီးပိုပြီး အကျိုးပြုနေဦးမှာပါ”လို့ ဆာရီက သုံးသပ်သွားခဲ့ပါတယ်။