serie a

ရော်နယ်ဒိုဟာ ပြဿနာပေါင်းတစ်ရာလောက်ကို ဖြေရှင်းပေးနိုင်တယ်လို့ ဆာရီပြော

Goal Goal > January 21, 2020

ဒီနှစ်ရာသီအစပိုင်းမှာ ဂိုးသွင်းနှုန်းသိသိသာသာကျဆင်းသွားခဲ့သူရော်နယ်ဒိုဟာ နောက်ပိုင်းပွဲစဉ်တွေမှာတော့ အရင်ခြေစွမ်းမျိုးပြန်ရလာခဲ့ပြီး စီးရီးအေနောက်ဆုံး ၇ ပွဲဆက်တိုက် ဂိုးသွင်းယူထားပါတယ်။ အနီးစပ်ဆုံး ပါးမားကို ၂ – ၁ နဲ့အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် ၂ ဂိုးစလုံးကိုသွင်းယူပေးနိုင်ခဲ့သူရော်နယ်ဒိုကို ဂျူဗင်တပ်စ်နည်းပြဆာရီက ချီးကျူးသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အသင်းအတွက် ပြဿနာတစ်ခုတစ်လေဖြစ်စေနိုင်ပေမယ့်လည်း ပြဿနာပေါင်းတစ်ရာကျော်လောက်ကို ဖြေရှင်းနိုင်သူလည်းဖြစ်တယ်လို့ ဆာရီကဆိုပါတယ်။“ပြဿနာတစ်ခုတစ်လေလောက်ရှာတတ်ပေမယ့် ပြဿနာပေါင်းတစ်ရာလောက်ကို ဖြေရှင်းပေးနိုင်တဲ့ ချန်ပီယံတစ်ယောက်ကို ကျွန်တော်တို့ပိုင်ဆိုင်ထားပါတယ်။ ရော်နယ်ဒိုဟာ အသင်းအတွက် တကယ်ကိုအားထားရသူပါ။ ကျန်ကစားသမားတွေရဲ့တာဝန်ကတော့ သူ့ကိုဝန်းရံပေးကြဖို့ပါပဲ။ အသင်းဟာ ရော်နယ်ဒိုကို ဗဟိုပြုပြီး လည်ပတ်သွားရပါမယ်။ (ပါးမားနဲ့ပွဲမှာ) အနိုင် ၃ မှတ်ရရှိခဲ့တဲ့အတွက် ကျေနပ်ပါတယ်။ ဒါပေမယ့် အသင်းရဲ့ကစားပုံကိုတော့ ကျွန်တော်သိပ်အားမရသေးပါဘူး။ ကျွန်တော်က ခံစစ်ကစားတာကိုလည်း သိပ်သဘောမကျပါဘူး။ ဂိုးပေးရမယ်ဆိုရင်တောင် တန်ပြန်တိုက်စစ်ကြောင့်ပေးရတာမျိုးပဲဖြစ်ချင်ပါတယ်။၂ – ၁ အနေအထားမှာ ကျွန်တော် ဟီဂူအင်ကိုထပ်ထည့်တာ ဒီသဘောပါပဲ။ ဂိုးထပ်သွင်းဖို့၊ ပွဲအဖြေမြန်မြန်ထွက်သွားအောင်ကြိုးစားကြဖို့ပါ။ ဒါပေမယ့် ထင်သလိုမဖြစ်ခဲ့ဘဲ လိုအပ်ချက်ကလေးတွေရှိနေခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့ အမြန်ဆုံးပြုပြင်သွားဖို့လိုပါတယ်”လို့ ဆာရီကပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဂျူဗင်တပ်စ်အသင်းဟာ ဒုတိယနေရာက အင်တာမီလန်ကို ၄ မှတ်၊ တတိယနေရာက လာဇီယိုကို ၆ မှတ် အသီးသီးဖြတ်ထားပါတယ်။ လာဇီယိုက တစ်ပွဲလျော့အနေအထားဖြစ်ပါတယ်။ ဒါဟာ အမှားမခံတဲ့အခြေအနေတစ်ရပ်ဖြစ်ပေမယ့်လည်း သူ့အနေနဲ့ စိတ်မပူမိကြောင်း ဆာရီကဆိုပါတယ်။“ကျွန်တော်ကိုယ့်ကိုယ်ကို သတ္တိခဲတစ်ယောက်လို့တော့ မပြောချင်ပါဘူး။ ဒါပေမယ့် ဘောလုံးမှာတော့ ကျွန်တော်ဘာကိုမှမကြောက်ပါဘူး။ လက်ရှိကျွန်တော်တို့မှာ တောင့်တင်းတဲ့ပြိုင်ဖက်အသင်းနှစ်သင်းရှိနေပါတယ်။ ကစားပုံအရမ်းကောင်းတဲ့အသင်းတစ်သင်းရယ်၊ (နောက်ပိုင်းပွဲစဉ်တွေမှာ) ရလဒ်တွေအရမ်းကောင်းနေတဲ့အသင်းတစ်သင်းရယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ဒီအသင်းတွေအကြောင်း သွားစဉ်းစားနေလို့မရပါဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး တစ်ပွဲချင်းစီကို အသေအချာပြင်ဆင်ကစားဖို့လိုပါတယ်။ ဒါမှသာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်မှာပါ”လို့ ဆာရီကပြောကြားခဲ့ပါတယ်။