serie a

ပါးမားနဲ့ပွဲမှာ ဒိုင်ဘာလာကို မတော်တဆ ကစ်ဆင်ဆွဲမိခဲ့တဲ့ဒိုလေး

Goal Goal > January 21, 2020

လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းအတွက် အထူးခြေစွမ်းပြကစားလျက်ရှိနေပါတယ်။ ဂျူဗင်တပ်စ်အတွက် စီးရီးအေနောက်ဆုံးရပွဲဆက် ဂိုးသွင်းနိုင်ခဲ့သူ ရော်နယ်ဒိုဟာ အဲဒီရပွဲမှာ ၁၁ ဂိုးထိ သွင်းယူနိုင်ခဲ့တာပါ။ ဒါ့အပြင် ရော်နယ်ဒိုဟာ အသင်းဖော်တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ဒိုင်ဘာလာ၊ ဟီဂူအင်တို့နဲ့ အတွဲအဖက်မိမိကစားနေတာကိုလည်းတွေ့ရပါတယ်။ အထူးသဖြင့် ဒိုင်ဘာလာဟာ ရော်နယ်ဒိုမရောက်မီက ဂျူဗင်တပ်စ်ရဲ့ အဓိကတိုက်စစ်ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ များစွာပြုလုပ်ပေးနိုင်ခဲ့ပေမယ့် ရော်နယ်ဒိုရောက်လာပြီးနောက်မှာ ခြေစွမ်းပျောက်ဆုံးသွားခဲ့ပြီး အသင်းကထွက်မလိုဖြစ်ခဲ့ပါတယ်။ဒိုင်ဘာလာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ မန်ယူ၊ စပါးအစရှိတဲ့အသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဂျူဗင်တပ်စ်အသင်းမှာသာ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒိုင်ဘာလာဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ ဂျူဗင်တပ်စ်အသင်းအတွက် အထူးခြေစွမ်းပြကစားလျက်ရှိနေပါတယ်။ ဒိုင်ဘာလာဟာ ပြိုင်ပွဲစုံ ၂၆ ပွဲပါဝင်ကစားခဲ့ရာမှာတော့ အသင်းရဲ့သွင်းဂိုး ၂၁ ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့ပါတယ်။ ကိုယ်တိုင် ၁၁ ဂိုးသွင်းပြီး အသင်းဖော်တွေကိုတော့ ၁၀ ဂိုးဖန်တီးပေးထားခဲ့တာပါ။ ဒိုင်ဘာလာနဲ့ရော်နယ်ဒိုတို့ဟာ တစ်ပွဲထက်တစ်ပွဲ ပိုမိုအချိတ်အဆက်မိလာခဲ့သလို အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သူဟီဂူအင်ကလည်း သူတို့နဲ့ ချိတ်ဆက်ကစားနိုင်စွမ်းရှိပါတယ်။အနီးစပ်ဆုံးပါးမားနဲ့ပွဲမှာတော့ ဒိုင်ဘာလာနဲ့ ရော်နယ်ဒိုတို့က ပွဲထွက်ကစားခဲ့တာဖြစ်ပြီး ဟီဂူအင်ကတော့ လူစားဝင်ကစားခဲ့ပါတယ်။ ဂျူဗင်တပ်စ်က ၂ – ၁ နဲ့အနိုင်ရခဲ့တဲ့ဒီပွဲမှာတော့ အနိုင်ဂိုး ၂ ဂိုးစလုံးကို ရော်နယ်ဒိုက သွင်းယူပေးခဲ့တာဖြစ်ပြီး ဒိုင်ဘာလာက ဒုတိယဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ ဒီဂိုးအတွက် အောင်ပွဲခံကြချိန်မှာတော့ ရော်နယ်ဒိုဟာ ဒိုင်ဘာလာရဲ့နှုတ်ခမ်းကို မတော်တဆနမ်းမိသွားခဲ့တာကို ရုပ်သံမှတ်တမ်းတွေမှာ ထင်ထင်ရှားရှားတွေ့မြင်ခဲ့ရပါတယ်။ရော်နယ်ဒိုဟာ မူလကဒိုင်ဘာလာရဲ့ပါးကိုလှမ်းနမ်းဖို့ ရည်ရွယ်တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့်လည်း ဒိုင်ဘာလာက ရုတ်တရက်ခေါင်းအမော့မှာ မထင်မှတ်ဘဲ နှုတ်ခမ်းချင်းနမ်းမိခဲ့တာပါ။ အဲဒီနောက်မှာတော့ ဒိုင်ဘာလာလည်း ရှက်သလိုဖြစ်သွားခဲ့တာကို ရုပ်သံအနှေးပြကွက်တွေမှာ တွေ့မြင်ခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရော်နယ်ဒိုနဲ့ဒိုင်ဘာလာတို့ အတွဲအဖက်မိမိနဲ့ ခြေစွမ်းပြကစားနေတာဟာ ဂျူဗင်တပ်စ်အသင်းအတွက်တော့ သတင်းကောင်းတစ်ရပ်ပါပဲ။