serie a

ကျွန်တော် ဂိုးသွင်းတာ၊ မသွင်းတာထက် အသင်းနိုင်ပွဲရဖို့က ပိုအရေးကြီးတာပါ … (ဒိုလေး)

Goal Goal > January 21, 2020

ဒီနှစ်စီးရီးအေပြိုင်ပွဲမှာတော့ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်အသင်းတို့ အပြိုင်ဖြစ်နေကြသလို နောက်ပိုင်းပွဲစဉ်တွေကို ဆက်တိုက်အနိုင်ရရှိနေတဲ့ လာဇီယိုကလည်း လိုက်လံဖိအားပေးလျက် ရှိနေပါတယ်။ ဒီတစ်ပတ်မှာ အင်တာမီလန်အသင်း ခြေချော်သွားပြီး လက်ချီနဲ့သရေကျခဲ့ချိန်မှာ ဂျူဗင်တပ်စ်ကတော့ အမှားအယွင်းမရှိ နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် ဒီနှစ်သင်းကြားအမှတ်ကွာဟမှုက ၄ မှတ်ထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ပြိုင်ဖက်တွေ ခြေချော်သွားချိန်မှာ ကိုယ်က အခွင့်အရေးယူနိုင်ဖို့ အရေးကြီးတယ်လို့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုက အသင်းဖော်တွေကို သတိပေးသွားခဲ့ပါတယ်။ ဒီတစ်ပတ် စီးရီးအေပွဲစဉ်မှာ ဂျူဗင်တပ်စ်က ပါးမားကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ရာမှာ ၂ ဂိုးစလုံးကို ရော်နယ်ဒိုက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူ ဂိုးသွင်းတာ၊ မသွင်းတာထက် အသင်းနိုင်ပွဲရဖို့ကသာ ပိုအရေးကြီးကြောင်း ရော်နယ်ဒိုက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ဒီပွဲဟာ ကျွန်တော်တို့အတွက် နိုင်ကိုနိုင်ရမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်။ အင်တာသရေကျပြီး လာဇီယိုနိုင်ပွဲရထားချိန်မှာ ကျွန်တော်တို့လည်း နိုင်ပွဲမရလို့ မဖြစ်ပါဘူး။ ဒါဟာ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး ပါးမားကလည်း ကျွန်တော်တို့ကို ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့သွင်းဂိုးနှစ်ဂိုးနဲ့ အသင်းကို ကူညီနိုင်ခဲ့တဲ့အတွက် ကျွန်တော် အတိုင်းမသိ ဝမ်းသာပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ အသင်းနိုင်ပွဲရဖို့ကသာ အရေးအကြီးဆုံးပါပဲ။ ကျွန်တော် ဂိုးသွင်းတာ၊ မသွင်းတာက အဓိကအချက် မဟုတ်ပါဘူး။ ပွဲချိန်တချို့မှာ စိုးရိမ်စရာအနေအထား ဖြစ်ရပေမယ့်လည်း ကျွန်တော်တို့တွေ လိုအပ်နေတဲ့ရလဒ်တစ်ခုကို အမိအရ ပုံဖော်နိုင်ခဲ့ပါတယ် ” လို့ ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းရဲ့ စီးရီးအေနောက်ဆုံး ၇ ပွဲဆက်တိုက် ဂိုးသွင်းယူထားနိုင်သူ ဖြစ်ပါတယ်။ အဆိုပါ ၇ ပွဲမှာတော့ သူဟာ သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာပါ။ ရော်နယ်ဒိုဟာ ဒီနှစ်ဘောလုံးရာသီ ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ပွဲ ပါဝင်ကစားပေးထားရာမှာတော့ သွင်းဂိုး ၂၁ ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့ပါတယ်။ ကိုယ်တိုင် ၁၈ ဂိုး သွင်းယူထားပြီး အသင်းဖော်တွေကိုတော့ ၃ ဂိုး ဖန်တီးပေးထားခဲ့တာလည်း ဖြစ်ပါတယ်။