serie a

ဂျူဗင်တပ်စ်မှာတော့ ဒိုင်ဘာလာအရေးအကြီးဆုံးပဲလို့ အားကစားဒါရိုက်တာပြော

Goal Goal > February 9, 2020

ဂျူဗင်တပ်စ်အသင်းဟာ သူတို့ရဲ့တိုက်စစ်ကစားသမားဒိုင်ဘာလာကို သက်တမ်းတိုးစာချုပ်ထပ်မံချုပ်ဆိုသွားမှာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ ဒိုင်ဘာလာနဲ့ အသင်းတာဝန်ရှိသူတွေကြား စာချုပ်သစ်ကိစ္စကို စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း ဂျူဗင်တပ်စ်အားကစားဒါရိုက်တာဖြစ်သူ ပါရာတီစီက ပြောကြားခဲ့ပါတယ်။ဒိုင်ဘာလာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းပြောင်းဖြစ်မလိုလိုဖြစ်ခဲ့ပြီး မန်ယူ၊ စပါးအစရှိတဲ့အသင်းတွေနဲ့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်းမှာသာ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။ သူဟာ ဒီရာသီ အသင်းအတွက် အထူးခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ၂၉ပွဲပါဝင်ကစားထားရာမှာတော့ သွင်းဂိုး ၂၂ ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့ပါတယ်။ ကိုယ်တိုင် ၁၁ဂိုးသွင်းယူထားပြီး အသင်းဖော်တွေကိုတော့ နောက်ထပ် ၁၁ ဂိုး ဖန်တီးပေးထားခဲ့တာပါ။ဂျူဗင်တပ်စ်အသင်းနဲ့ ဒိုင်ဘာလာတို့ရဲ့စာချုပ်ဟာ လာမယ့် ၂၀၂၂ ခုနှစ်မှ ကုန်ဆုံးမှာဖြစ်ပေမယ့် သက်တမ်းတိုးစာချုပ် ထပ်မံချုပ်ဆိုသွားဖို့ စီစဉ်နေခဲ့ပြီဖြစ်ကြောင်း ပါရာတီစီက ပြောကြားခဲ့ပါတယ်။ ဒိုင်ဘာလာဟာ လက်ရှိဂျူဗင်တပ်စ်အသင်းရဲ့ အဓိကကစားသမားတစ်ယောက်ဖြစ်တယ်လို့လည်း ပါရာတီစီကဆိုပါတယ်။“ဒိုင်ဘာလာဟာ ဂျူဗင်တပ်စ်ရဲ့ ကျောနံပါတ် ၁၀ ပိုင်ရှင်ဖြစ်ပါတယ်။ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူ့ရဲ့တန်ဖိုးကို ကျွန်တော်တို့အားလုံး ကောင်းကောင်းသိကြပါတယ်။ ဒါကြောင့် မကြာမီအချိန်အတွင်းမှာ သူနဲ့ စာချုပ်သက်တမ်းထပ်တိုးဖို့ ကျွန်တော်တို့ အစီအစဉ်ရှိပါတယ်။တကယ်တော့ ပြီးခဲ့တဲ့နှစ်လလောက်ကတည်းက သက်တမ်းတိုးစာချုပ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ဆွေးနွေးမှုတွေ စတင်နေခဲ့တာပါ။ လက်ရှိသူ့ရဲ့စာချုပ်က ၂၀၂၂ ခုနှစ်အထိရှိနေတာဖြစ်လို့ သက်တမ်းတိုးဖို့ကို အေးအေးဆေးဆေးအချိန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။ ရာသီအကုန်မှာ ကျွန်တော်တို့ရဲ့ဆွေးနွေးမှုတွေ အပြီးသတ်နိုင်ပါတယ်”လို့ ပါရာတီစီက ပြောကြားခဲ့ပါတယ်။ ဒိုင်ဘာလာကတော့ စာချုပ်သစ်နဲ့ပတ်သက်လို့ အသေးစိတ်မှတ်ချက်ပေးခဲ့ခြင်းမရှိဘဲ သူ့အနေနဲ့ အသင်းမှာဆက်နေဖို့ ဆန္ဒရှိကြောင်းနဲ့ ကျန်တာကတော့ အသင်းရဲ့ဆုံးဖြတ်ချက်ပဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။