serie a

ကျွန်တော်တို့လည်း ပွဲတိုင်းအနိုင်ကစားဖို့ တာဝန်မရှိပါဘူး… (ဆာရီ)

Goal Goal > February 9, 2020

ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ စီးရီးအေပြိုင်ပွဲကို လွှမ်းမိုးထားနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ရလဒ်ပိုင်းတည်ငြိမ်ဖို့ အနည်းငယ်ရုန်းကန်နေရပါတယ်။ နောက်ဆုံးပွဲစဉ်မှာလည်း သူတို့ဟာ ဗီရိုနာအသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး ဇယားထိပ်မှာ ဆက်လက်ဦးဆောင်နိုင်ဖို့ မရေမရာဖြစ်လာခဲ့ပါတယ်။ တကယ်လို့သာ ဒီတစ်ပတ်မီလန်ဒါဘီပွဲစဉ်မှာ အင်တာမီလန်အသင်းက အနိုင်ရသွားခဲ့မယ်ဆိုရင်တော့ ဂျူဗင်တပ်စ်အသင်းအနေနဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်အရ ဒုတိယနေရာကိုဆင်းပေးရဖို့ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမယ့် နည်းပြဆာရီကတော့ သူ့အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ကာကွယ်ပြောကြားသွားခဲ့ပြီး ပွဲတိုင်းနိုင်ချင်နေလို့တော့မရဘူးလို့လည်း သတိပေးသွားခဲ့ပါတယ်။ ဗီရိုနာနဲ့ပွဲမှာတော့ ဂျူဗင်တပ်စ်အသင်းဟာ အဓိကတိုက်စစ်မှူးရော်နယ်ဒိုရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘိုရီနီ၊ ပက်ဇီနီတို့ရဲ့သွင်းဂိုးတွေကြောင့် ၂-၁ နဲ့ ရှုံးပွဲကြုံခဲ့ရတာလည်းဖြစ်ပါတယ်။“ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာတော့ ဂျူဗင်တပ်စ်အသင်းက စီးရီးအေပြိုင်ပွဲကို လုံးဝလွှမ်းမိုးထားခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ အင်တာမီလန်၊ လာဇီယိုအစရှိတဲ့အသင်းတွေက ပုံစံကောင်းကိုရရှိလာတာကိုလည်း ကျွန်တော်တို့မမေ့သင့်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ ပွဲတိုင်းအနိုင်ကစားနေဖို့ တာဝန်မရှိသလို ပွဲတိုင်းနိုင်ချင်နေလို့လည်းမရပါဘူး။အရေးကြီးတာက ဒီရှုံးပွဲကနေ ကျွန်တော်တို့သင်ခန်းစာယူဖို့ပါပဲ။ ကျွန်တော့်အသင်းဟာ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ပေမယ့် တကယ်တမ်းပွဲကစားချိန်မှာတော့ လိုအပ်ချက်ကလေးတွေရှိနေတာတွေ့ရပါတယ်။ ဒါကို အမြန်ဆုံးပြင်ဆင်ပြောင်းလဲနိုင်ဖို့ ကျွန်တော်တို့ကြိုးစားရပါမယ်”လို့ ဆာရီက သုံးသပ်သွားခဲ့ပါတယ်။ဗီရိုနာအသင်းဟာ နိုင်ပွဲနဲ့ထိုက်တန်မှုရှိတယ်လို့ ဆာရီကချီးကျူးခဲ့ပေမယ့် ဒီရလဒ်အတွက် သူတို့ရဲ့အမှားလည်းမကင်းဘူးလို့ဆိုပါတယ်။ “ပထမပိုင်းမိနစ်၃၀လောက်အထိ ဗီရိုနာရဲ့ကစားပုံက တကယ်ကိုချီးကျူးစရာဖြစ်ပါတယ်။ နောက်ထပ်မိနစ်၆၀မှာတော့ ကျွန်တော်တို့ရဲ့အမှားတွေကပဲ ပွဲကိုအဆုံးအဖြတ်ပေးသွားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗီရိုနာအသင်းဟာ နိုင်ပွဲနဲ့ထိုက်တန်ပါတယ်”လို့ ဆာရီက ပြောကြားခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ အနီးစပ်ဆုံးပွဲစဉ်အဖြစ် လာမယ့်ကြာသပတေးနေ့မှာ အေစီမီလန်နဲ့ ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ကစားရဖို့ရှိနေပါတယ်။