serie a

မီလန်ဒါဘီမှာနိုင်ပွဲရပြီး အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်လာတဲ့ အင်တာ

Goal Goal > February 10, 2020

တနင်္ဂနွေည စီးရီးအေပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ အင်တာမီလန်အသင်းက မြို့ခံပြိုင်ဖက်အေစီမီလန်ကို ၄-၂ နဲ့နိုင်ပွဲရပြီး အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်တက်ရောက်လာခဲ့ပါတယ်။ မီလန်ဒါဘီပွဲစဉ်တစ်ပွဲဖြစ်တာနဲ့အညီ အသင်းနှစ်သင်းကြား ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေကို တွေ့မြင်ခဲ့ရပြီး တကယ့်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ နှစ်ဖက်စလုံး အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်မှုတွေရှိခဲ့ပေမယ့် ဒီပွဲရဲ့အဖွင့်ဂိုးကိုတော့ ပွဲချိန်မိနစ် ၄၀ မှ စတင်ရရှိခဲ့ပြီး ဂိုးရသွားတာကတော့ အေစီမီလန်ပဲဖြစ်ပါတယ်။ ဝါရင့်တိုက်စစ်မှူးဇလာတန်ရဲ့ ပေးပို့မှုကနေ ရီဘစ်က အလွယ်တကူအဆုံးသတ်ဂိုးတွေ သွင်းယူသွားခဲ့တာပါ။အဲဒီနောက် ပထမပိုင်းမပြီးခင်မှာပဲ အေစီမီလန်က နောက်ထပ်ဦးဆောင်ဂိုးတစ်ဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ ကွင်းလယ်ကစားသမားကက်ဆီးရဲ့ပေးပို့မှုကို ဇလာတန်က အပိုင်ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။ ဒါကြောင့် ပထမပိုင်းအပြီးမှာ အေစီမီလန်က ဝ-၂ နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ အင်တာမီလန်အသင်းက အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး ချေပဂိုးတွေ၊ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၁ မိနစ်မှာ ဘရိုဇိုဗစ်က ပထမချေပဂိုးကို သွင်းယူပေးခဲ့ပြီး နောက်ထပ် ၂ မိနစ်အကြာမှာတော့ အလက်ဆစ်ဆန်းချက်ဇ်ရဲ့ပေးပို့မှုကနေတဆင့် ဗီစီနိုက ၂-၂ ဖြစ်စေခဲ့ပါတယ်။အဲဒီနောက် ပွဲချိန်မိနစ် ၇၀ မှာတော့ ကန်ဒရီဗာရဲ့ပေးပို့မှုကနေ ဒီဗရစ်ချ်က အင်တာအတွက် ဦးဆောင်ဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန်မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပိုမှာတော့ လူစားဝင်ကစားသမားဗစ်တာမော့ဆက်စ်ရဲ့ပေးပို့မှုကနေ လူကာကူက ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့တာကြောင့် အင်တာမီလန်အသင်း ၄-၂ နဲ့ နိုင်ပွဲရခဲ့ပါတယ်။ အင်တာမီလန်အသင်းအနေနဲ့ မြို့ခံပြိုင်ဖက်ကို ပထမပိုင်းနှစ်ဂိုးအရှုံးကနေ အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး အဖိုးတန်အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဂျူဗင်တပ်စ်အသင်းက ဗီရိုနာကို ၂-၁ နဲ့ရှုံးနိမ့်သွားခဲ့တာကြောင့် အင်တာမီလန်အသင်းဟာ အမှတ်တူဂိုးကွာခြားချက်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။အင်တာပွဲထွက်လူစာရင်း
ပါဒယ်လီ
ဂိုဒင်၊ ဒီဗရစ်ချ်၊ ဆက်ခရီနီယာ
ကန်ဒရီဗာ (မော့ဆက်စ်)၊ ဗီစီနို၊ ဘရိုဇိုဗစ်၊ ဘာရဲလာ၊ အက်ရှ်လေယန်း (ဘရစ်ဂီ)
လူကာကူ၊ အလက်ဆစ်ဆန်းချက်ဇ် (အဲရစ်ဆင်)။အေစီပွဲထွက်လူစာရင်း
ဒွန်နာရမ်မာ
ကွန်တီ၊ ခါဂျာ၊ ရိုမက်ဂနိုလီ၊ သီယိုဟာနန်ဒက်စ်
ကက်စတယ်လီဂျို (ရာဖေးလ်လီယို)၊ ကက်စီး (ပါကွယ်တာ)၊ ဘီနာဆာ၊ ရီဘစ် (ဘိုနာဗန်တူရာ)
ကယ်လ်ဟာနိုဂလူ
အီဘရာဟီမိုဗစ်။