serie a

ရည်းစားနဲ့ အဆင်ပြေနေလို့ ဂိုးသွင်းပါကောင်းလာတဲ့ လော်တရိုမာတီနက်ဇ်

Goal Goal > February 11, 2020

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ စီးရီးအေပြိုင်ပွဲကို လွှမ်းမိုးထားနိုင်ခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းကို ဒီနှစ်ဘောလုံးရာသီမှာတော့ အင်တာမီလန်က ခြိမ်းခြောက်လာခဲ့ပါတယ်။ ဒီရာသီ အင်တာမီလန်အသင်း အခုလိုတိုးတက်လာရခြင်းမှာ တိုက်စစ်မှူးတွေဖြစ်တဲ့ လူကာကူနဲ့ လော်တရိုမာတီနက်ဇ်တို့ အတွဲမိမိကစားနေတာကလည်း အကြောင်းတစ်ချက်ပါပဲ။ လော်တရိုမာတီနက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီ အင်တာမီလန်အသင်းအတွက် အထူးခြေစွမ်းပြ ကစားလျက်ရှိနေပြီး ပြိုင်ပွဲစုံ ၂၇ ပွဲ ပါဝင်ကစားထားရာမှာတော့ သွင်းဂိုး ၂၀ မှာ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့ပါတယ်။ ကိုယ်တိုင် ၁၆ ဂိုး သွင်းယူထားပြီး အသင်းဖော်တွေကိုတော့ ၄ ဂိုး ဖန်တီးပေးထားနိုင်ခဲ့တာပါ။
မာတီနက်ဇ်အနေနဲ့ အခုလို ခြေစွမ်းတွေ တောက်လျှောက် တိုးတက်လာခဲ့တာဟာ သူ့ရဲ့ချစ်သူနဲ့ ပျော်ရွှင်နေတာကလည်း အကြောင်းတစ်ချက်ဖြစ်ကြောင်း မီဒီယာတွေက ဖော်ပြလာခဲ့ပါတယ်။ လော်တရိုမာတီနက်ဇ်ဟာ အာဂျင်တီးနာမော်ဒယ် အော်ဂတ်စတီနာနဲ့ ချစ်ကြိုက်နေခဲ့တာဖြစ်ပြီး အင်တာမီလန်ရဲ့ အိမ်ကွင်းပွဲစဉ်တွေမှာတော့ ဆန်စီရိုကွင်းထဲမှာ လာရောက်အားပေးနေတဲ့ အော်ဂတ်စတီနာကို မကြာခဏ တွေ့မြင်ခဲ့ရပါတယ်။ သူတို့စုံတွဲကိုတော့ (လက်ရှိ PSG မှာ အငှါးသွားရောက်ကစားနေတဲ့) အင်တာတိုက်စစ်မှူး အီကာဒီရဲ့ဇနီးဖြစ်သူ ဝမ်ဒါနာရာက မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။
အော်ဂတ်စတီနာဟာ လူမှုကွန်ယက်မီဒီယာတစ်ခုဖြစ်တဲ့ Instagram မှာတော့ Cele တစ်ယောက်ပဲဖြစ်ပြီး Followers ပေါင်း ငါးသိန်းသုံးသောင်းကျော်ရှိနေတယ်လို့ ဆိုပါတယ်။ အော်ဂတ်စတီနာဟာ ညှို့အားပြင်းဓာတ်ပုံတွေကို Instagram မှာ အမြဲတင်လေ့ရှိတာကြောင့် အခုလို အချိန်တိုအတွင်း လူသိများ ထင်ရှားလာတာဖြစ်တယ်လို့လည်း မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ချစ်ရတဲ့ အော်ဂတ်စတီနာရဲ့ အားပေးမှုတွေနဲ့အတူ လော်တရိုမာတီနက်ဇ်တစ်ယောက် အင်တာမီလန်အသင်းကို အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်ပေးသွားနိုင်မလား ဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။