serie a

ဒိုလေးကို နှစ်နှစ်သက်တမ်းထပ်တိုးဖို့ကြံနေတဲ့ ဂျူဗီ

Goal Goal > March 16, 2020

ဂျူဗင်တပ်စ်အသင်းဟာ သူတို့ရဲ့အဓိကတိုက်စစ်ကစားသမားရော်နယ်ဒိုကို နှစ်နှစ်စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ ရော်နယ်ဒိုနဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၂ ခုနှစ်မှ ကုန်ဆုံးမှာဖြစ်ပေမယ့်လည်း နောက်ထပ် ၂ နှစ် ထပ်မံသက်တမ်းတိုးဖို့ အသင်းဖက်က ဆန္ဒရှိနေခဲ့တာပါ။ ရော်နယ်ဒိုဟာ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ဂျူဗင်တပ်စ်အသင်းအတွက် အထူးခြေစွမ်းပြကစားနေဆဲဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် မက်ဆီနဲ့အပြိုင် ရပ်တည်နေဆဲပါပဲ။ ဒီနှစ်ဘောလုံးရာသီ အသင်းအတွက် ၃၂ ပွဲပါဝင်ကစားပေးထားရာမှာ ၂၅ဂိုးသွင်းယူပေးထားခဲ့သူရော်နယ်ဒိုဟာ ဒီရာသီစီးရီးအေ ၂၂ ပွဲမှာ ၂၁ ဂိုးရထားခဲ့ပါတယ်။သတင်းတွေထွက်ပေါ်နေသလိုသာ နှစ်နှစ်သက်တမ်းတိုးဖြစ်ခဲ့မယ်ဆိုရင်တော့ ရော်နယ်ဒိုဟာ အသက် ၃၉ နှစ်အရွယ်အထိ ဂျူဗင်တပ်စ်အသင်းမှာ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိဂျူဗင်တပ်စ်အသင်းမှာ တစ်ပတ်လုပ်ခပေါင်ငါးသိန်းနီးပါးရရှိနေပြီး စာချုပ်သစ်အရလည်း အနည်းဆုံးဒီလစာအတိုင်းရရှိနေမှာဖြစ်သလို လစာထပ်တိုးရင်တိုးလာနိုင်တယ်လို့ အီတလီမီဒီယာတချို့က ဖော်ပြခဲ့ကြပါတယ်။ ဒါ့အပြင် ဂျူဗင်တပ်စ်အသင်းဟာ ရော်နယ်ဒိုကိုကူညီပေးနိုင်ဖို့ အသက် ၃၀ အောက် အထောင်တိုက်စစ်မှူးတစ်ယောက်ရှာဖွေနေတယ်လို့လည်း သတင်းတွေကဆိုပါတယ်။လိုက်ပဇစ်တိုက်စစ်မှူးတီမိုဝါနာ၊ လက်ရှိ PSG မှာကစားနေတဲ့ အင်တာတိုက်စစ်မှူးအီကာဒီတို့ကို အဓိကပစ်မှတ်ထားနေသလို ပရီးမီးယားလိဂ်ကြယ်ပွင့်တွေဖြစ်တဲ့ မန်စီးတီးလူငယ်တိုက်စစ်မှူးဂါဘရီရယ်လ်ဂျီးဆက်စ်နဲ့ စပါးတိုက်စစ်မှူးဟာရီကိန်းတို့ကိုလည်း စောင့်ကြည့်နေခဲ့ပါတယ်။ ဂျူဗင်တပ်စ်အတွက် စီးရီးအေ ၁၁ ပွဲဆက်တိုက် ဂိုးသွင်းပေးထားခဲ့သူရော်နယ်ဒိုဟာ ဒီရာသီဂျူဗင်တပ်စ်အတွက် ပြိုင်ပွဲစုံ ၃၂ ပွဲပါဝင်ကစားထားရာမှာတော့ သွင်းဂိုး ၂၉ ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့ပါတယ်။ ကိုယ်တိုင် ၂၅ ဂိုးသွင်းယူထားပြီး အသင်းဖော်တွေကိုတော့ ၄ ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။